စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၇၅ )

၂၀၁၃ ခုနှစ်စာရင်းအရ စုစုပေါင်းတပ်ဆင်အင်အား ၃၈၃၁ ဒသမ ၅ မဂ္ဂါဝပ်ရှိတယ်လို့ စာရင်းမှာဖော်ပြထားပေမယ့် တကယ်ထုတ်နေတာ ၁၆၅၅ မဂ္ဂါဝပ်ပဲရှိပါတယ်။ နွေရာသီမှာ ဒီထက်နည်းလာပါတယ်။ တစ်နှစ်စာထုတ်လုပ်နိုင်တဲ့ စွမ်းအင်ဟာလည်း ၁၀၉၆၅ ကီလိုဝပ် နာရီသန်းပေါင်းပဲရှိပါတယ်။ ဒါကြောင့် နွေရာသီ အလိုအပ်ဆုံးအချိန် အမြင့်ဆုံးအသုံးကို မပြည့်မီလို့ ဓာတ်အားပြတ်တောက်နေတာပဲဖြစ်ပါတယ်။ အလုပ်မဖြစ်တဲ့ နိုင်ငံပိုင် ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတွေအတွက် ရရှိထားတဲ့ဓာတ်ငွေ့ကို  ပုဂ္ဂလိက  ဓာတ်ငွေ့သုံးဓာတ်အားပေးစက်(အင်ဂျင်)တွေ အမြန်ငှားပြီး လတ်တလော ပြောင်းလဲဖြေရှင်း ခဲ့ရပြန်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်  ယာယီတော့  ပြေလည်သွားသလိုဖြစ်ပေမယ့်  ပုဂ္ဂလိကအင်ဂျင်စက်တွေကို အရေးပေါ် ဈေးကောင်းပေးပြီး ငှားရမ်းလည်ပတ်ရတာဖြစ်လို့ ဓာတ်အားခကုန်ကျစရိတ်ဟာ ချက်ချင်းထောင်တက်သွားပြီး အဲဒီနှစ်ကစပြီး (၂၀၁၄ ခုနှစ်) နှစ်စဉ် မြန်မာငွေကျပ် ဘီလီယံ ၂၀၀ ကျော် စပြီးရှုံးပါတော့တယ်။  (၂၀၁၈ ခုနှစ်မှာတော့ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတွေနဲ့ မောင်းနှင်နေတဲ့  ဓာတ်အားအချိုးပိုများလာလို့ မြန်မာငွေကျပ် ဘီလီယံ ၅၀၀ နီးပါးခန့်ထိ ရှုံးနိုင်ပါတယ်) ဓာတ်အားစနစ်ပြင်ပက  ဓာတ်အားပေးနေတဲ့အခြေအနေကတော့ အောက်မှာဖော်ပြထားတဲ့အတိုင်းပါပဲ- ၂၀၁၂/၂၀၁၃ ခုနှစ်မှာ ရှိနေတဲ့ ဒေသတွင်းနိုင်ငံများရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနဲ့ယှဉ်ရင်   မြန်မာဟာ   များစွာနိမ့်နေတယ်ဆိုတာ တစ်ဖက်ပါအတိုင်း တွေ့ရမှာပါ-

နိုင်ငံအလိုက်ဓာတ်အားသုံးစွဲနိုင်မှုအခြေအနေ (၂၀၁၂ ခုနှစ်)

  နိုင်ငံ        တစ်နိုင်ငံလုံးဓာတ်အားရရှိမှု  လူတစ်ဦးချင်းစီ တစ်နှစ်

                          (ရာခိုင်နှုန်း)         ဓာတ်အားသုံးစွဲနိုင်မှု

                                                     (ကီလိုဝပ်နာရီ)

မလေးရှား                ၉၉.၅                  ၃၆၁၄

တရုတ်                  ၉၉.၅                    ၂၆၃၁

ထိုင်း                      ၉၉.၄                   ၂၀၄၅

ဗီယက်နမ်               ၉၇.၇                  ၉၁၈

အင်ဒိုနီးရှား              ၆၄.၆                  ၅၉၀

ဘင်္ဂလားဒေ့ရှ်           ၄၁.ဝ                  ၂၅၂

မြန်မာ                    ၃၀                     ၁၈၀

ကမ္ဘောဒီးယား          ၂၄.၁                   ၁၃၁

ဖော်ပြခဲ့တဲ့ စွမ်းအင်ဆိုင်ရာအချက်အလက်များအရ မြန်မာ့စွမ်းအင်စီမံခန့်ခွဲမှုဟာ လွန်စွာနိမ့်ကျနေတာကို တွေ့ရပါလိမ့်မယ်။ နိုင်ငံဟာ ဘက်စုံချွတ်ခြုံကျခဲ့တဲ့အထဲမှာ စွမ်းအင်ကဏ္ဍကလည်း တစ်ခုအဖြစ်ပါခဲ့ပါတယ်။ ရှေ့မှာ စွမ်းအင်ကဏ္ဍ ဘယ်လိုပေါ်လစီချမယ်ဆိုတာဆုံးဖြတ်ဖို့ အချက်အလက်များ စုဆောင်းမှုကို ဦးစွာဆောင်ရွက်ခြင်းဖြစ်ပါတယ်။

စွမ်းအင်မူဝါဒ(Energy Poli)

မူဝါဒဆိုတာ နိုင်ငံတော်အဆင့် တစ်နည်းအားဖြင့် အမျိုးသားအဆင့် မူဘောင်သတ်မှတ်မှုပါပဲ။ မဟာဗျူဟာ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ ညွှန်ကြားချက်တွေအားလုံးဟာ ဒီမူဝါဒဘောင်ထဲမှာပဲရှိစေရမယ်လို့ ပြောလိုက်တာပါပဲ။ ဒီလို မူဝါဒတွေချမှတ်တဲ့ အထဲမှာ စွမ်းအင်မူဝါဒတစ်ခုဟာလည်း နိုင်ငံတစ်နိုင်ငံမှာ မရှိမဖြစ်လိုအပ်ပါတယ်။

မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် မူဝါဒတွေချခဲ့ပေမယ့် လက်တွေ့ အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ ရှိနေတဲ့မူဝါဒတွေဟာ လည်း ၂၀၁၁ ခုနှစ်မှာဖြစ်ပေါ်လာတဲ့ ပါတီစုံဒီမိုကရေစီနိုင်ငံတစ်နိုင်ငံနဲ့ လိုက်လျောညီထွေမဖြစ်တော့တဲ့အချက်အလက်တွေ ပါရှိနေပါတယ်။ ပြုပြင်ပြောင်းလဲတည်ဆောက်နေတဲ့ နိုင်ငံတော်ရဲ့ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်၊ မူဝါဒတွေနဲ့ မကိုက်ညီတော့တဲ့ အတွက် စွမ်းအင်မူဝါဒအသစ်တစ်ရပ် မဖြစ်မနေရေးဆွဲဖို့ လိုအပ်လာပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ စွမ်းအင်မူဝါဒဟာ အလွန်အရေးကြီးတဲ့အတွက် “အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီ” (National Energy Management Committee) (NEMC) တစ်ရပ်ကို ဒုတိယသမ္မတ(၂)ကို နာယကအဖြစ် ဦးဆောင်စေပြီး စွမ်းအင်ဝန်ကြီး ဌာနဝန်ကြီးက ဥက္ကဋ္ဌ၊ ဆိုင်ရာဝန်ကြီးဌာန ၇ ခုမှ ဝန်ကြီးဌာနများရဲ့ဝန်ကြီးများနဲ့ လွတ်လပ်တဲ့ပညာရှင်များ ပါဝင်ဖွဲ့စည်းခဲ့ပါတယ်။

၁။ စွမ်းအင်ဝန်ကြီးဌာန (Ministry of Energy - MOE)

၂။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (Ministry of Electric Power - MOEP)

၃။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (Ministry of Agriculture and Irrigation - MOAI)

၄။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန (Ministry of Environmental Conservation and Forestry - MOECAF)

၅။ စက်မှုဝန်ကြီးဌာန (Ministry of Industry -MOI)

၆။ သတ္တုတွင်းဝန်ကြီးဌာန (Ministry of Mines -MOM)

၇။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန (Ministry of National Planning and Economic Development-NPED)

၈။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (Ministry of Science and Technology -MOST)

၉။ အခြားဝန်ထမ်းမဟုတ်သော လွတ်လပ်သောပညာရှင် ၃ ဦး စုစုပေါင်း ၁၁ ဦးနဲ့ ၂၀၁၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ သမ္မတက အမိန့်ထုတ်ပြန်ဖွဲ့စည်းဆောင်ရွက်စေခဲ့ပါတယ်။ ဒီကော်မတီထမ်းဆောင်ရမယ့် လုပ်ငန်းတာဝန် ၂၂ ချက်ကိုပါ တစ်ပါတည်း ထုတ်ပြန်ပေးခဲ့ပါတယ်။                                    

ဆက်လက်ဖော်ပြပါမည်။