အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားများ ပြုလုပ်

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားများ ပြုလုပ်

နေပြည်တော်၊ မတ်-၈

          ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ အမျိုးသမီးနှင့်ကလေးများဘဝ မြှင့်တင်ရေးအဖွဲ့၊ မြန်မာနိုင်ငံ အမျိုး သမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ထံမှ ပေးပို့သည့် သဝဏ်လွှာကို ဗွီဒီယိုဖြင့် ပြသသည်။ ထို့နောက် မူကြိုကလေး ငယ်များ၊ အမျိုးသမီးသင်တန်းကျောင်းများနှင့် အသင်းအဖွဲ့များမှ အမျိုးသမီးများက မြန်မာ့သိုင်း များ၊ Fitness Dance များဖြင့် သရုပ်ပြတင်ဆက်ကြသည်။

          ယင်းနောက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲများနှင့် အာဆီယံ အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ကြပြီး ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင် ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အမျိုးသမီးများ ဘဝ လုံခြုံရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး   အသိပညာပေး ဆွေးနွေးပွဲကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

          အလားတူ  အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန် ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး အမျိုးသမီးများရေးရာကော်မတီ ဉက္ကဋ္ဌ လူမှုရေးရာ ဝန်ကြီး က ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ တိုင်းမှူး နှင့် တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ပြခန်းများအား  လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။