စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၇၆ )

ဖော်ပြခဲ့တဲ့ကော်မတီအောက်မှာ လုပ်ငန်းများ အကောင်အထည်ဖော်ရာမှာ ထိရောက်မြန်ဆန်ရေးအတွက် စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ (Energy Development Committee-EDC) ကို စွမ်းအင်ဝန်ကြီးဌာနဝန်ကြီးအား ဥက္ကဋ္ဌအဖြစ် ဦးဆောင်စေပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပညာရှင်ဒုတိယဝန်ကြီးများ ပါဝင်သောကော်မတီကို ဖွဲ့စည်းပေးခဲ့ပါတယ်။ စာရေးသူဟာ EDC ရဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ EDC လုပ်ငန်းများ ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူဝန်ထမ်းများကိုစုစည်းပြီး စွမ်းအင်ဝန်ကြီးဌာနမှာ ရုံးစိုက်စေ လျက် တစ်စုတစ်စည်းတည်း လုပ်ငန်းများ ဆောင်ရွက်စေခဲ့ပါတယ်။

NEMC ,EDC အစည်းအဝေးများကို ကြိုတင်ကာလသတ်မှတ်ချက်များနဲ့ စနစ်တကျကျင်းပပြီး ကမ္ဘာ့ဘဏ်က ငှားရမ်းပေးတဲ့ ပညာရှင်အဖွဲ့၊ ပြင်ပပညာရှင်အဖွဲ့များပါဖိတ်ကြား၍ အချက်အလက်များရရှိအောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ပထမဦးစွာ စွမ်းအင် မူဝါဒရဲ့ အဓိကဦးတည်ချက်သုံးချက်ကို စတင်ချမှတ်ကြပါတယ်။ ဒီအချက်သုံးချက်ကတော့-

၁။         Physical Security

            - လက်ရှိရော နောင်ပါ စွမ်းအင်လုံခြုံမှု (ဖူလုံမှု) ရှိစေရမည်။

            (Avoiding involuntrary interruption of supply)

၂။         Price Security

            - ဝယ်ယူသုံးစွဲသူ သုံးစွဲနိုင်မည့်ဈေးနှုန်းဖြစ်စေရမည်။

            (Providing Energy at affordable Prices to Consumer)

၃။         Geopolitical Security

- စွမ်းအင်နှင့်စပ်လျဉ်းပြီး မိမိနိုင်ငံသည် အခြားနိုင်ငံတစ်ခုခု၊ အဖွဲ့တစ်ဖွဲ့ကိုမှီခိုရသည့်အဖြစ်မျိုး မကျရောက်သွားစေရေး စီမံရမည်။ (Ensuring that state maintains independence in its foreign policy on matters relating to energy.) စတဲ့အချက်တွေဖြစ်ပါတယ်။

စတင်ရေးဆွဲမည့်အချိန်မှာ ဖော်ပြပါအချက်သုံးချက်ကို ဦးတည်ချက်အဖြစ်ချမှတ်ပြီး ဖော်ပြခဲ့ပြီးဖြစ်တဲ့ ပြည်တွင်းအခြေအနေများနဲ့ နိုင်ငံတကာမှာ ချမှတ်ထားတဲ့စွမ်းအင်မူဝါဒများကို လေ့လာကြပါတယ်။ လေ့လာခဲ့တဲ့နိုင်ငံတွေ မြောက်မြားစွာထဲက အများ စိတ်ဝင်စားမယ်လို့ထင်ရတဲ့ နိုင်ငံလေးခုရဲ့ စွမ်းအင်မူဝါဒကို ကောက်နုတ်ဖော်ပြပါမယ်။ ဒီနိုင်ငံတွေကတော့ -

(က) အမေရိကန်ပြည်ထောင်စု

( ခ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ

( ဂ) အိန္ဒိယနိုင်ငံ

(ဃ) ထိုင်းနိုင်ငံ

တို့ပဲဖြစ်ပါတယ်။ ဒီနိုင်ငံတွေ ချမှတ်ကျင့်သုံးနေတဲ့စွမ်းအင်မူဝါဒ အချက်တွေထဲက အဓိကကျတဲ့အချက်များကို ကောက်နုတ် ဖော်ပြပါမယ်။

(က) အမေရိကန်စွမ်းအင်မူဝါဒ

အမေရိကန်နိုင်ငံရဲ့စွမ်းအင်မူဝါဒတွေထဲက အဓိကကျတဲ့အချက်တွေကတော့-

၁။ စွမ်းအင်လုံခြုံမှု မြင့်မားလာရေး။

၂။ စွမ်းအင်ထုတ်လုပ်မှု တိုးမြှင့်ရေး။

၃။ စွမ်းအင်ခြိုးခြံချွေတာရေးနှင့် ထိရောက်အောင်သုံးစွဲရေး။

၄။ စွမ်းရည်မြင့် မော်တော်ယာဉ်များသုံးစွဲရေး။

၅။ လောင်စာဖိုးအကုန်အကျသက်သာစေမည့်လောင်စာကို သုံးစွဲရေး။

၆။ သန့်ရှင်းသောစွမ်းအင်သုံးစွဲမှုကို အနာဂတ်အတွက် မျှော်မှန်းရေး။

စတာတွေပဲဖြစ်ပါတယ်။ တစ်ချက်ချင်းစီကို အလေးအနက်ထားပြီး မူဝါဒချထားတာကို တွေ့ရပါလိမ့်မယ်။ အမေရိကန်ဟာ ကမ္ဘာ့သဘာဝ ဓာတ်ငွေ့သိုက်ပိုင်ဆိုင်မှုရဲ့ စတုတ္ထအများဆုံး ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်ပေမယ့် သူ့နိုင်ငံထဲမှာ စွမ်းအင်လိုအပ်ချက် တစ်ခုလုံး ရဲ့   ၃၃  ရာခိုင်နှုန်းကိုသာ ဓာတ်ငွေ့သုံးစွဲပြီး ကျန်တာကို ဓာတ်ငွေ့အဖြစ်  တိုက်ရိုက်သော်လည်းကောင်း၊ LNG အဖြစ် ပြောင်းလဲပြီး သော်လည်းကောင်း ပြည်ပကိုတင်ပို့ရောင်းချပြီး ငွေရှာနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါဘာကြောင့်ပါလဲ စဉ်းစားဖို့လိုပါတယ်။ နောက်တစ်ချက်က “လောင်စာဆီဖိုး အကုန်အကျသက်သာစေမည့် လောင်စာကိုသုံးစွဲရေး” ဆိုပြီး မဖြစ်မနေလုပ်ရမည့်အလုပ်ကို နိုင်ငံတော်မူဝါဒအဖြစ် ဖော်ပြတာကပင် တစ်နိုင်ငံလုံးရဲ့ ကုန်ပစ္စည်းထုတ်လုပ်မှု၊ နေထိုင်မှုစရိတ်တွေလျော့ကျအောင် နိုင်ငံတော်မူဝါဒအဖြစ်  ချမှတ်ထားတာပါပဲ။ “သန့်ရှင်းသောစွမ်းအင်သုံးစွဲမှုကို အနာဂတ်အတွက်မျှော်မှန်းရေး” ဆိုပြီး မူဝါဒတစ်ခုကို ထည့်ထားခြင်းဖြင့် အခုလောလောဆယ်တော့ ဇွတ်လုပ်မှာမဟုတ်ဘူး၊ တဖြည်းဖြည်းချင်း ပြောင်းယူရမယ်ဆိုတဲ့သဘောကို မူဝါဒမှာပါ အတိအလင်းပြောနေသလိုပါပဲ။ ဒါက အမေရိကန်စွမ်းအင်မူဝါဒ အကျဉ်းချုပ်ပါ။

(ခ) တရုတ်နိုင်ငံစွမ်းအင်မူဝါဒ

တရုတ်နိုင်ငံရဲ့ စွမ်းအင်မူဝါဒကို အောက်ပါအတိုင်း အကျဉ်းချုပ်ဖော်ပြပါမယ်-

၁။ စွမ်းအင်ခြိုးခြံချွေတာသုံးစွဲရေးနှင့် အကျိုးရှိ ထိရောက်အောင်သုံးစွဲရေး။

၂။ ပြည်တွင်းစွမ်းအင်ကို အဓိကမှီခိုရေး။

၃။ ပြည်တွင်းစွမ်းအင်သုံးစွဲမှုများ ဖွံ့ဖြိုးစေရန် အားပေးမြှင့်တင်ရေး။

၄။ နည်းပညာတိုးတက်ရေး။

၅။ ပြည်သူများ၏ လူနေမှုဘဝမြင့်မားရေး။

စတဲ့အချက်တွေပါပဲ။ တရုတ်ရဲ့မူဝါဒထဲမှာ သတိပြုမိရမှာက သူက ဈေးသက်သာသော စွမ်းအင်သုံးစွဲရေးလို့ တိုက်ရိုက်မူဝါဒ မချပါဘူး။ ဘာကိုချထားလဲဆိုတော့ အမှတ်စဉ် (၂)၊ (၃)နဲ့(၅) သုံးချက်မှာ “ပြည်တွင်းစွမ်းအင်ကို အဓိကမှီခိုရေး”၊ “ပြည်တွင်းစွမ်းအင် သုံးစွဲမှုများဖွံ့ဖြိုးစေရန် အားပေးမြှင့်တင်ရေး”၊ “ပြည်သူများ၏ လူနေမှုဘဝမြင့်မားရေး” ဆိုတဲ့ အချက်တွေကိုအားပြုပြီး သူ့မှာ ထွက်တဲ့ ရေအရင်းအမြစ်၊ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ကို ဦးစားပေးသုံးစွဲမယ်၊ ဒါတွေသုံးစွဲဖို့ အားပေးမယ်လို့ ဖော်ပြထားပါတယ်။ တရုတ်ရဲ့သဘာဝဓာတ်ငွေ့သိုက်ပိုင်ဆိုင်မှု ဟာ ကမ္ဘာ့နံပါတ်(၁၀)မှာရှိတာပါ။ ဒါပေမဲ့ သူ့ပစ္စည်းကို သူချွေတာ သုံးတယ်။

ဆက်လက်ဖော်ပြပါမည်။

မော်သာထွေး(မန္တလေး)