မြစ်ကြီးနားမြို့၊ တန့်ယန်းမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

မြစ်ကြီးနားမြို့၊ တန့်ယန်းမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မတ် - ၉

          တပ်မတော်အနေဖြင့် ပြည်သူများ၏ ကျန်းမာရေးမြှင့်တင်မှုကဏ္ဍတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက မြို့နယ်၊ ကျေးရွာများအထိ သွားရောက်၍ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လူမျိုး၊ ဘာသာ၊ အချိန်၊ နေရာမရွေး ဆောင်ရွက်ပေးလျက်ရှိသည်။

          ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ သစ္စာဝါဒီ ဘုန်းတော်ကြီးကျောင်း၌ သံဃာတော် ၂၄ ပါးကိုလည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ လုံပုံးကျေးရွာအုပ်စု၊ လွယ်လွမ့်ကျေးရွာရှိ လွယ်လွမ့် ပရဟိတစာသင်ကျောင်း၌ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၃၁၂ ဦးကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ကျောက်မဲလေး ကျေးရွာရှိ သန္တိသုခဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူ ၂၄၉ ဦးတို့ကို လည်း ကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံဆေးကုသရေး အဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးကြသည်။

          နယ်မြေခံဆေးကုသရေး အဖွဲ့များက သံဃာတော်များနှင့် ဒေသခံပြည်သူများ အား သွေးတိုးရောဂါ၊ အရိုးအကြောရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ECG ၊ Ultrasound  စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတပ်နယ်များမှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။