Cookie မုန့်များတွင် ဆေးခြောက်များထည့်၍ ရောင်းချသည့် တရားခံများ ဖမ်းဆီးရမိ

Cookie မုန့်များတွင် ဆေးခြောက်များထည့်၍ ရောင်းချသည့် တရားခံများ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၉

          လူငယ်လူရွယ်များနှင့်ကျောင်းသား၊ ကျောင်းသူများသည် လူသားအရင်း အမြစ်၏ အဓိကမဏ္ဍိုင် တစ်ခုဖြစ်ပြီး     နိုင်ငံ့အနာဂတ်အတွက် အလွန်အရေးပါသည့် မျိုးဆက်သစ်ကြယ်ပွင့်လေးများဖြစ်သည်။ သို့ဖြစ်၍ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းနေမှုကို မလိုလားသည့် အကြမ်းဖက် အုပ်စုများသည် နိုင်ငံ၏ မျိုးဆက်သစ်လူငယ်များကို လမ်းမှားရောက်စေပြီး လူညွန့်တုံးစေရန်အတွက် လူငယ် လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများကို အဓိကပစ်မှတ်ထားကာ မူးယစ် ဆေးဝါးဖြန့်ဖြူး ရောင်းချမှုများ ပြုလုပ်လာကြသည်။ လူငယ်ထုအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုများကြောင့် မိသားစုတွင် စီးပွားရေး၊ လူမှုရေး အခက်အခဲများဖြစ်ပေါ်စေပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာနိုင်ပါသည်။ သို့ဖြစ်၍ နိုင်ငံတော်အစိုးရ အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒများချမှတ်ကာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်၍ တားဆီးကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

          ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက် ညနေပိုင်းတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို လိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ရန်ကုန်တိုင်း ဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ (၁၆)လမ်း၊ တိုက်အမှတ်(၁၂၆)၊ (၈)လွှာရှိ တိုက်ခန်းအား ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ထက်ရတနာစိုး (၂၄)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ လမ်းမတော်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဗဟိုရ်စည်အိမ်ရာဝန်း၊ တိုက်အမှတ်(၄၀)၊ (၃)လွှာရှိ အခန်း(၁၄)တွင် ဇော်လင်းနောင် (၂၁)နှစ်တို့အား ဆေးခြောက်အမှုန့် ၁၀၉ ဂရမ်၊ ဆေးခြောက်ထည့်သွင်းပြုလုပ်ထား သည့် Cookie မုန့် ၅၀ ခု၊ ဆေးခြောက်ရှူရာတွင်အသုံးပြုသည့် ဆေးဂေါက်တံ ၁ ခု တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

          ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် တရားမဝင် ပေါင်းသင်းနေထိုင်သူများဖြစ်ပြီး Cookie မုန့်များအတွင်း ဆေးခြောက်များကို ထည့်သွင်း ပြုလုပ်ကာ Online မှတစ်ဆင့် ရောင်းချခဲ့ကြောင်း၊ ဆေးခြောက်ထည့်သွင်းမှု အနည်း/ အများပေါ်မူတည်၍ Cookie မုန့် တစ်ခုလျှင် ၆,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်ထိ ရောင်းချကြောင်း၊ ဆေးခြောက်များအား Online မှတစ်ဆင့် မြဝတီဘက်သို့မှာယူ၍ ခရီးသည်တင်ယာဉ်များဖြင့် သယ်ဆောင်ရယူခဲ့ကြောင်း၊ ၎င်းတို့ရောင်းချသည့် Cookie မုန့်များအား လူကြိုက်များစေရန်နှင့် လူငယ်လူရွယ်များ၊ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါး သုံးစွဲလာစေရန် ရည်ရွယ်၍ ရက်စက်ယုတ်မာသည့်အကြံဖြင့် Cookie မုန့်များအတွင်း ဆေးခြောက်များကို ထည့်သွင်း ပြုလုပ်ကာ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရပါသည်။

          အဆိုပါ Cookie မုန့်များအား ဝယ်ယူစားသုံးသူများအနေဖြင့် ရုပ်ပိုင်း ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများကို များစွာပျက်စီးစေနိုင်ပြီး စတင်စားသုံးစဉ် ခွန်အားများ တိုးပွားလာကာ အိပ်ချင်စိတ်များ ပြေပျောက်သည်ဟု မှားယွင်းစွာထင်မြင်နေ သော်လည်း နောက်ပိုင်းတွင် စားချင်စိတ်နည်းပါးလာပြီး ကိုယ်အလေးချိန် ကျဆင်းလာခြင်း၊ ကြွက်သားတောင့်တင်းလာခြင်း၊ အသက်ရှူ မြန်လာခြင်း၊ အာရုံစူးစိုက်မှု နည်းလာခြင်း၊ မှတ်ဉာဏ်ယိုယွင်းလာခြင်း၊ စိတ်တိုဒေါသထွက်ခြင်းများ ဖြစ်ပေါ် လာသည့်အပြင် စားသုံးသည့်ကာလ ကြာလာသည်နှင့်အမျှ နောက်ထပ်မစားရလျှင် မနေနိုင်အောင် စိတ်ရောကိုယ်ပါစွဲလမ်းမှုကို ဖြစ်ပေါ်လာပြီး စိတ်ချောက်ချားခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဖျားနာလာခြင်း၊ ဦးနှောက်အတွင်း သွေးယိုခြင်း၊ အသက်ရှူကြပ်လာခြင်း၊ နှလုံးခုန်ရပ်ခြင်းများဖြစ်လာကာ နောက်ဆုံး ရုတ်တရက်သေဆုံးသည်အထိ ဆိုးကျိုးများကို ခံစားရပါသည်။

          သို့ဖြစ်၍ မိမိကိုယ်ကျိုးစီးပွားအတွက် လူငယ်လူရွယ်များအား လမ်းမှားသို့ ရောက်ရှိစေရေး ရည်ရွယ်ချက်ဖြင့် Cookie မုန့်များအတွင်း ဆေးခြောက်များကို ထည့်သွင်း ပြုလုပ်ကာ ရောင်းချခဲ့သည့် တရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာသည် လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့် ပြဿနာတစ်ရပ် ဖြစ်သည်နှင့်အညီ နိုင်ငံသားအားလုံးမှ ကိုယ်စီတာဝန်ရှိစွာနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။