ပိုမိုဖွံ့ဖြိုးတိုးတက်သောဒေသဖြစ်ပေါ်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၁၀ ရက်)

ပိုမိုဖွံ့ဖြိုးတိုးတက်သောဒေသဖြစ်ပေါ်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၁၂)ရပ်တွင် စီးပွားရေးဆိုင်ရာနှင့်ပတ်သက်၍ “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကိုအခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့် အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး” ဟူ၍ချမှတ်ထားသည်။ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို အားပေးဆောင်ရွက်နေခြင်းမှာ တိုင်းပြည်၏စီးပွားရေးမြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များအစားထိုးနိုင်ရန်နှင့် ပြည်ပသို့ ပြည်တွင်း ထုတ်ကုန်များ တင်ပို့နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ် ၇ ရက်က ရှမ်းပြည်နယ် အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား တောင်ကြီးမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ပြောကြားရာတွင် “ရှမ်းပြည်နယ်အတွင်းမှထွက်ရှိသည့် လက်ဖက်၊ ကော်ဖီများသည် နိုင်ငံတကာဈေးကွက်ဝင် ပစ္စည်းများဖြစ်သည် ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် အဆိုပါ လက်ဖက်နှင့်ကော်ဖီများကို ပိုမိုတိုးချဲ့စိုက်ပျိုးပြီး ကုန်ထုတ်လုပ်မှုများကို စနစ်တကျ ဆောင်ရွက်မည်ဆိုပါက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သဖြင့် ဒေသအတွက်သာမက နိုင်ငံတော်အတွက်ပါ များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ စပါးစိုက်ပျိုးရေးနှင့်ပတ်သက်၍ Eating quality ကောင်းမွန်သည့်စပါးမျိုးများ စိုက်ပျိုးရန် လိုကြောင်း၊  ဒေသမှထွက်ရှိသည့် စားသောက်ကုန်များကိုလည်း အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက ဈေးကွက် ရရှိမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

စပါးစိုက်ပျိုးမှုများ ဆောင်ရွက်ရာတွင် တစ်ဧကချင်းအထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက်ပြီး စီးပွားရေးမြှင့်တင်မှုများ ဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် မြေသြဇာများရရှိရေးအတွက်လည်း ဒေသတွင်း မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိထားသည့် ဇီဝမြေသြဇာများကို အကျိုးရှိစွာ အသုံးချမည်ဆိုပါက တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုမည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းတွင် အဓိကအားဖြင့် မျိုး၊ မြေ၊ ရေ၊ နည်းများကောင်းမွန်ရန်လိုအပ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် စက်မှုကုန်ထုတ်လုပ်ငန်းများကို များစွာအထောက်အကူ ပြုမည်ဖြစ်သည်။

ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ သမဝါယမစနစ်ဖြင့်သွားသည့် ကုန်ထုတ်လုပ်မှုကို လုပ်ဆောင်ကြရမည်ဖြစ်သည်။ သမဝါယမ စနစ်ကို ကျင့်သုံးခြင်းဖြင့် လုပ်ငန်းများဆောင်ရွက်မှုကို ပိုမိုတိုးတက်စေမည်ဖြစ်သည်။ အရင်းအနှီးနှင့်ပတ်သက်ပြီး နိုင်ငံတော်မှ လိုအပ်သည့် ရင်းနှီးမတည်ငွေများကို ထုတ်ချေးပေးလျက်ရှိရာ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အောင်မြင်မှုရှိအောင် လုပ်ဆောင် ကြရမည်ဖြစ်သည်။ အရင်းအနှီးမတည်ငွေများနှင့်ပတ်သက်၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ထုတ်ချေးပေးလျက်ရှိသည်။

ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရက တာဝန်ရှိသည့်အလျောက် လိုအပ်သည်များမကျန်စေရအောင်ဆောင်ရွက်ပေးပြီးဖြစ်သည်။ မိမိတို့၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက်မှာ ကာယယံရှင် တစ်ဦးချင်းက ကြိုးစားအားထုတ်ကြရမည်ဖြစ်သည်။ ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သည်မှာ ငွေကြေးသာမက   လူသား အရင်းအမြစ်ကောင်းများ ရှိနေရန်လည်းလိုအပ်သည်။ ပညာရေးကို အားပေးမှသာလျှင် ဒေသနှင့်နိုင်ငံ၏ လူသားအရင်းအမြစ်များ ပေါကြွယ်ဝလာမည်ဖြစ်သည်။ ပညာရေးကို အလေးထားဆောင်ရွက်နိုင်ကြမှသာ မိမိဒေသ၊ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အဆင့်မီစွာဆောင်ရွက်နိုင်ရန် လူသားအရင်းအမြစ်များလိုအပ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိသည်။ အတန်းပညာများရှိမှသာ မိမိတို့ဘဝရပ်တည်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ကုန်ထုတ်လုပ်ငန်းများ ပိုမိုအောင်မြင်မှုရှိလာသည်နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါများလာမည်ဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်းပေါများနေသော်လည်း လူသား အရင်းအမြစ်ဖွံ့ဖြိုးမှု နည်းပါးပါက သဟဇာတဖြစ်မည်မဟုတ်ပေ။ ဆိုလိုသည်မှာ ပေါများသည့်အလုပ်အကိုင်များတွင် ဝင်ရောက် အလုပ်လုပ်နိုင်ရန်အတွက် တစ်ဦးချင်းအနေဖြင့် ပညာပြည့်ဝနှလုံးလှနေသူများဖြစ်အောင် ပြင်ဆင်ဖြည့်ဆည်းထားရမည်ဖြစ်သည်။

ရှမ်းပြည်နယ်သည် နွားမွေးမြူရေး၊ ဝက်နှင့်ကြက်မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် အခြေခံ ကောင်းများရှိသည့် ဒေသဖြစ်သည်။ နို့စားနွားမွေးမြူရေးလုပ်ငန်းများကို ရှမ်းပြည်နယ်အတွင်း အောင်မြင်အောင် ကြိုးပမ်းဆောင် ရွက်နိုင်မည်ဆိုပါက နို့ထွက်ပစ္စည်းအများဆုံး ထုတ်လုပ်နိုင်သည့် ပြည်နယ်တစ်ခုဖြစ်လာပေမည်။ အနှစ်ချုပ်ဆိုရသော် ရှမ်းပြည်နယ် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ဒေသခံပြည်သူတစ်ရပ်လုံးက ကြိုးပမ်းကြရန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။    ။