စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၇၇)

မူဝါဒ နံပါတ်စဉ်(၁)အရ “စွမ်းအင်ခြိုးခြံချွေတာသုံးစွဲရေး” ဆိုတဲ့ မူဝါဒကို ထိရောက်စွာ လိုက်နာတာတွေ့ရတယ်။ လိုအပ်တဲ့ သဘာဝဓာတ်ငွေ့ကို တောင် ပြည်မကြီးကပို့ရင် အလှမ်းကွာဝေးနေတဲ့ယူနန်ပြည်နယ်လိုနေရာမျိုးအတွက်  မြန်မာနိုင်ငံကထွက်တဲ့ သဘာဝဓာတ်ငွေ့ကို ဝယ်သုံးတာတွေ့ရတယ်။ သဘာဝဓာတ်ငွေ့ကို  မြန်မာနိုင်ငံက  ဝယ်သုံးခြင်း ကိစ္စဟာ စီးပွားရေး တွက်ခြေကိုက်မှုကို အခြေခံတာလည်းပါသလို ပထဝီနိုင်ငံရေးစိုးမိုးနိုင်အောင်နဲ့ ကိုယ့်သဘာဝအရင်းအမြစ်ကို ကိုယ်ချွေတာ သုံးစွဲရေးလည်းပါအောင် ဆုံးဖြတ်တယ်လို့ပဲ အများကယူဆကြ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်  နိုင်ငံတိုင်းဟာ  လုပ်သမျှအလုပ်တိုင်းမှာ ရှေ့ကို နှစ်ပေါင်းများစွာ မျှော်မှန်းကြည့်ပြီး နိုင်ငံရေးနဲ့စီးပွားရေးတွဲပြီး ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ လုပ်မယ်ဆိုတာကတော့ ယုံပါတယ်။

(ဂ) အိန္ဒိယနိုင်ငံစွမ်းအင်မူဝါဒ

    အိန္ဒိယရဲ့ စွမ်းအင်မူဝါဒကတော့ ပိုပြီးအသေးစိတ်တယ်၊ အကျဉ်း ချုပ်ကတော့ -

၁။         စွမ်းအင်ခြိုးခြံချွေတာသုံးစွဲရေးနှင့် အကျိုးရှိထိရောက်အောင် သုံးစွဲရေး။

၂။         စွမ်းအင်သယံဇာတတိုးမြှင့်ရှာဖွေရေးနှင့် တိုးမြှင့်ဖြည့်ဆည်း ရေး။

၃။         စွမ်းရည်ပိုမိုကောင်းမွန်သော    လောင်စာအမျိုးအစားကို ဦးစားပေးသုံးစွဲပြီး ဈေးကွက်ပေါက်ဈေးနှင့်အညီ  စွမ်းအင်

            ဈေးနှုန်းသတ်မှတ်ရေး။

            ၄။         ကျောက်မီးသွေးတင်သွင်းမှုကို တိုးမြှင့်ရေး။

            ၅။         လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့်ပြုလုပ်ရေး။

            ၆။         ဓာတ်အားထုတ်လုပ်မှုစရိတ်ကို လျှော့ချရေး။

            ၇။         ဒေသအလိုက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပိုမိုသုံးစွဲရေး။

            ၈။         စွမ်းအင်လုံခြုံမှုတိုးမြှင့်ရေး။

 ၉။        စွမ်းအင်ဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး။

            ၁၀။      အိမ်သုံးစွမ်းအင်ဖူလုံရေး။

            ၁၁။      ငွေကြေးမတတ်နိုင်သော ပြည်သူများအတွက် သီးခြားအစီအစဉ်များ ချမှတ်ပေးရေး။

စတဲ့အချက်တွေကို အိန္ဒိယရဲ့စွမ်းအင်မူဝါဒအဖြစ် ဖော်ပြထားပါတယ်။

အိန္ဒိယရဲ့စွမ်းအင်မူဝါဒဟာ ဖွံ့ဖြိုးဆဲ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံရဲ့ မူဝါဒတစ်ခုဖြစ်ပေမယ့် အတော်ပြည့်စုံခြုံငုံမိအောင် ချမှတ်ထားတာ တွေ့ ရတယ်။ ဥပမာအနေနဲ့ “လျှပ်စစ်ကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် ပြုလုပ်ရေး” ဆိုတဲ့အချက်ဟာ သူ့အတွက် သိပ်အရေး ကြီးပါတယ်။ ၂၀၁၆ ခုနှစ် အိန္ဒိယ လူဦးရေ သန်း ၁၂၀၀ ကျော်မှာ သန်း ၂၄၀ ကျော်က လျှပ်စစ်မီးမရသေးပါဘူး။  ရပြီးတဲ့နေရာတွေမှာလည်း ခေတ်မမီသောလျှပ်စစ်ပစ္စည်းများနဲ့ စီမံခန့်ခွဲမှုဖြစ်နေလို့ ဒီအချက် ကို မဖြစ်မနေထည့်ထားတာပါ။  နောက်တစ်ချက် “ဓာတ်အားထုတ် လုပ်မှုစရိတ်လျှော့ချရေး” ဆိုတာကို  မဖြစ်မနေ မူဝါဒမှာထည့်ထား တာဟာ အလွန်အရေးကြီး ပါတယ်။ သုံးစွဲသူပြည်သူတွေသက်သာစေ ဖို့နဲ့ လျှပ်စစ်ကိုအသုံးချပြီး ထုတ်လုပ်မယ့်ကုန်ပစ္စည်းတွေ ဈေးသက်သာ စေရေးအတွက် အဓိကကျလို့ ဒီအချက်ကို မူဝါဒအဖြစ်ထည့်သွင်းထားတာပါ။ “ငွေကြေးမတတ်နိုင်သော ပြည်သူများအတွက် သီးခြားအစီအမံ များချမှတ်ပေးရေး” ဆိုတဲ့အချက်ဟာ ဆင်းရဲသားလက်လုပ်လက်စားတွေ စွမ်းအင်ဈေးနှုန်း လက်လှမ်းမီစေရေး၊ သက်သာတဲ့ နှုန်းထားနဲ့ သုံးစွဲနိုင်ရေးကို သီးခြားအစီအစဉ်တစ်ရပ် လုပ်ပေးရမယ်လို့ မူဝါဒမှာပင် ထည့်ထားတာဟာ သူ့ခေါင်းဆောင်တွေရဲ့ အမြော်အမြင်လို့ဆိုရမှာပါ။ အားလုံးနဲ့ရောပြီး မစဉ်းစားဘူးလို့ မူဝါဒမှာကတည်းက ရေးသားဖော်ပြ ထားတဲ့သဘောပါ။

(ဃ) ထိုင်းနိုင်ငံစွမ်းအင်မူဝါဒ

ထိုင်းနိုင်ငံရဲ့စွမ်းအင်မူဝါဒကလည်း  စိတ်ဝင်စားစရာပါပဲ။  မိမိတို့နဲ့ တစ်ချိန်က တန်းတူရည်တူဘဝကနေ ယခုအခါမှာ  နှစ် ၃၀  စာခန့် ဖွံ့ဖြိုးမှု  ကွာဟသွားရတာ ဘာကြောင့်လဲဆိုတာကို  စွမ်းအင်မူဝါဒမှာ တစေ့တစောင်းတွေ့ရမှာပါ-

၁။ စွမ်းအင်တိုးမြှင့်ဝယ်ယူဖြည့်တင်းရေး။

၂။ စွမ်းအင်ချွေတာရေးနှင့် အကျိုးရှိထိရောက်အောင် သုံးစွဲရေး။

၃။ အစားထိုးလောင်စာစွမ်းအင် တိုးမြှင့်သုံးစွဲရေး။

၄။ စွမ်းအင်ဈေးနှုန်းသတ်မှတ်သည့်အဖွဲ့ ဖွဲ့စည်းရေး။

၅။ သန့်ရှင်းသော စွမ်းအင်သုံးစွဲရန် အစီအမံများရေးဆွဲရေး။

၆။ မူဝါဒကို အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုပါဝင်လာရေး။

၇။ ပုဂ္ဂလိကကဏ္ဍတိုးမြှင့်ပါဝင်လာစေရေး။

စတဲ့အချက်တွေကို  ထိုင်းနိုင်ငံရဲ့စွမ်းအင်မူဝါဒမှာ  အဓိကဖော်ပြထားပါ တယ်။

ထိုင်းနိုင်ငံရဲ့စွမ်းအင်မူဝါဒကိုလေ့လာရင် သူ့နိုင်ငံဟာ ရေအားရော၊ သဘာဝဓာတ်ငွေ့ရော နိုင်ငံသုံးစွဲမှုကို လုံလောက်အောင် ထုတ်လုပ်ပေး နိုင်တဲ့ အရင်းအမြစ်မရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ဒီတော့ သူ့မူဝါဒမှာ စွမ်းအင် လုံလောက်ဖို့ “စွမ်းအင်တိုးမြှင့်ဝယ်ယူရေး” ဆိုတဲ့မူဝါဒကို ရှေ့ဆုံးမှာ တင်ထားပြီး အလွယ်ဆုံးရနိုင်မယ့် အိမ်နီးချင်းတွေဆီကနေ ဝယ်ယူသုံးစွဲရန်  ရည်မှန်းထားပါတယ်။ ဥပမာအားဖြင့် မြန်မာနဲ့လာအိုကနေ လျှပ်စစ် ဝယ်သုံးချင်တယ်။ မြန်မာထဲမှ သဘာဝဓာတ်ငွေ့ကို  ဝယ်သုံးချင်တယ်။ တကယ်လို့ မြန်မာဘက်က သဘာဝဓာတ်ငွေ့အထွက်နည်းလာရင်လည်း မြန်မာနဲ့   ဆက်သွယ်ထားပြီးဖြစ်နေတဲ့   ဓာတ်ငွေ့ပိုက်လိုင်းတွေကို တန်အောင်သုံးဖို့ အရှေ့အလယ်ပိုင်းက Liquefied Natural Gas (L.N.G)  ကို ထားဝယ်ဆိပ်ကမ်းလို သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအစ အထိအရောက်ပို့ပြီး ဓာတ်ငွေ့ကို ထိုင်းကိုဆက်ပို့မယ်။  

ဆက်လက်ဖော်ပြပါမည်။