နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်၌ အခကြေးငွေယူ၍ Passport ပြုလုပ်ပေးသူ အမျိုးသမီး ၁ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်၌ အခကြေးငွေယူ၍ Passport ပြုလုပ်ပေးသူ အမျိုးသမီး ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၁၀

       ၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် “နေပြည်တော်အသိုင်းအဝိုင်း” Facebook Group “Win Min Thant” Facebook Account ပိုင်ရှင်မှ “နေပြည်တော် ၈ မြို့နယ် အိမ်ထောင်စုဖြင့် ပတ်စပို့ အမျိုးမျိုးကို ယုံကြည်စွာဖြင့် အပ်နှံနိုင်ပါပြီ၊ ဆက်သွယ်ရန် ဖုန်းနံပါတ် 09422116161”ဟု ရေးသား ဖော်ပြထားခဲ့မှုနှင့် ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

      ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက Facebook Page တွင်ဖော်ပြထားရှိသည့် ဖုန်းနံပါတ် 09-422116161 သို့ မတ်လ ၈ ရက်နေ့ ညနေ ၇ နာရီအချိန်တွင် ဆက်သွယ်စုံစမ်းခဲ့ရာ သာမန်မြန်မာ နိုင်ငံကူး လက်မှတ်အသစ် (သို့မဟုတ်) သက်တမ်းတိုး လျှောက်ထားမည်ဆိုပါက ၎င်းအား ငွေကျပ် ၂၄၀,၀၀ဝိ/-(နှစ်သိန်းလေးသောင်းကျပ်) ပေးချေရမည်ဖြစ်ကြောင်း၊ လျှောက်ထားသူအနေဖြင့် မှတ်ပုံတင် မိတ္တူ ၂ စုံ၊ အိမ်ထောင်စုစာရင်းမိတ္တူ ၂ စုံ ယူဆောင်လာ၍ ပျဉ်းမနားတရားရုံးအရှေ့ရှိ ၎င်း၏နေအိမ် ဖြစ်သော “ရွှေလဝန်းမိတ္တူ”သို့ စရံငွေကျပ် ၁၀၀၀၀ဝိ/-(တစ်သိန်းကျပ်)နှင့်အတူ ယုံကြည်စိတ်ချစွာ လာရောက်အပ်နှံနိုင်ကြောင်း၊ PJ အမျိုးအစားဖြင့် လျှောက်ထားမည်ဆိုပါက မြို့နယ်အလုပ်သမား ရုံးမှ လေဘာကတ် ယူဆောင်လာရမည်ဖြစ်ကြောင်း၊ လေဘာကတ် ယူဆောင်ရန် အခက်အခဲရှိပါက ငွေကျပ် ၅,၀၀ဝိ/-(ငါးထောင်ကျပ်)ထပ်မံပေးရမည်ဖြစ်ကြောင်း၊ အလုပ်အပ်မည်ဆိုပါက စရံငွေနှင့် အတူ ၎င်း၏နေအိမ်သို့ လာရောက်အပ်နှံနိုင်ကြောင်း၊ အလုပ်အပ်နှံသည့် နေ့မှစတင်၍ တစ်ပတ် အတွင်း သာမန်မြန်မာနိုင်ငံကူး လက်မှတ်လျှောက်ထားနိုင်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး လျှောက်ထားပြီးပါက ၂ ပတ်အတွင်း စာအုပ်ရရှိမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

    ထိုသို့စုံစမ်းဖော်ထုတ်ချက်အရ ၎င်းချိန်းဆိုသည့် ပျဉ်းမနားမြို့၊ ပေါင်းလောင်း(၂) ရပ်ကွက်ရှိ “ရွှေလဝန်းမိတ္တူ”ဆိုင်သို့ သွားရောက်ဖမ်းဆီးခဲ့ရာ အခကြေးငွေယူ၍ နိုင်ငံကူးလက်မှတ် တစ်ဆင့်ခံ ပြုလုပ်ဆောင်ရွက်ပေးသူ တရားခံဖြစ်သည့် ဝင်းမင်းသန့်(၄၂)နှစ်၊ (ဘ)ဦးတင်ညွန့်အား မတ်လ ၉ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် အဆိုပါ မိတ္တူဆိုင်၌ ဖမ်းဆီးရမိခဲ့ပြီး ပျဉ်းမနားမြို့မရဲစခန်း တွင် ဥပဒေနှင့်အညီ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။