မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ပြည်ပသို့ သယ်ဆောင်မည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန်ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ပြည်ပသို့ သယ်ဆောင်မည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန်ဖမ်းဆီးရမိ

နေပြည်တော်  မတ်  ၁၀

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ပြည်ပသို့သယ်ဆောင်မည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက် တမင်း) ၁ ဒသမ ၅ တန် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ ဆီဘောက်ဆာယာဉ်ဖြင့် အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်မည်ဖြစ်ကြောင်း သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည်  မတ် ၄ ရက် မွန်းတည့် ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံရှာဖွေစစ်ဆေးရေးစခန်းတွင် ကလော မြို့နယ်ဘက်မှ  သာစည်မြို့နယ်ဘက်သို့ သိန်းဝင်းဆွေ(ခ)မဲကြီးမောင်းနှင်ပြီး ကျော်ခိုင်ထွေး   လိုက်ပါလာသည့်သတင်းရရှိထားသော  ဆီဘောက်ဆာရှစ်ဘီးယာဉ်ကိုရှာဖွေရာ ယာဉ်၏ ကိုယ်ထည်အတွင်း   သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်  ၃၀ ဘီလီယံတန်ဖိုးရှိ  အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ  ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကိုဘုန်း (ခ) ဘုန်းနိုင်ဝင်းအား မတ် ၅ ရက် မွန်းတည့် ၁၂ နာရီတွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၁၂)၊ နေအိမ်တွင် FORD ယာဉ် ၁ စီးနှင့်အတူ  ဆက်လက် ဖမ်းဆီးရမိ ခဲ့ကြောင်း၊ ယခင်ဖမ်းဆီးရမိခဲ့သည့် အိုက်စ် (မက်သ်အဖက်တမင်း)များမှာလက်ဖက်ခြောက်အိတ်ခွံအမျိုးမျိုးဖြင့် ထုပ်ပိုးခြင်းဖြစ်ပြီး ယခုဖမ်းဆီးရမိခဲ့သည့် အိုက်စ်(မက်သ်အဖက်တမင်း)များမှာ  လက်ဖက်ခြောက်အိတ်ထုပ်ပိုးခွံ အမှတ်တံဆိပ်အသစ်ဖြင့်  ထုပ်ပိုးထား ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိ  အိုက်စ်(မက်သ်အဖက်တမင်း)များကို  ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ယင်းမှတစ်ဆင့် ပင်လယ်ရေကြောင်းအသုံးပြု၍ ပြည်ပသို့  ဆက်လက်သယ်ဆောင်မည်ဖြစ်ကြောင်းသိရှိရသဖြင့်    ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)