အရည်အသွေးရှေးရှု ကျန်းမာရေးစောင့်ရှောက်မှု

အရည်အသွေးရှေးရှု ကျန်းမာရေးစောင့်ရှောက်မှု

နိုင်ငံ၏အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည် ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချမှတ်ထားသော လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သည်။  ကျန်းမာရေးစောင့်ရှောက်မှုသည် လူတိုင်းအတွက် လိုအပ်နေသော အရာဖြစ်ပေရာ ကျန်းမာရေးစောင့်ရှောက်မှုကို အလေးထား ဆောင်ရွက်ပေးနေခြင်းမှာ နိုင်ငံနှင့် လူမျိုးကောင်းကျိုးကို ရှေးရှုဆောင်ရွက်ခြင်းဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက် လျက်ရှိရာတွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှသာ ထိရောက်သည့် တိုးတက်မှုရလဒ်များ ရရှိမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရသည် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် ပြည်သူလူထု၏ မျှော်မှန်းသက်တမ်း တိုးတက်မြင့်မား လာစေရေးအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုများကို တိုးမြှင့်ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။ ပြည်သူတစ်ရပ်လုံးအတွက် အရည်အသွေး ပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုမှာ မရှိမဖြစ် လိုအပ်လှသည်။ လူမျိုးဘာသာမရွေး၊ အသက်အရွယ်၊ ကျားမ မရွေး၊ မြို့ပြနှင့်ကျေးလက်ဒေသများရှိ ပြည်သူတိုင်း လက်လှမ်းမီ လွယ်လင့်တကူရရှိစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။ ကျန်းမာရေး စနစ်အဆင့်ဆင့်ကို ပိုမိုအားဖြည့်ဆောင်ရွက်ကြရာတွင် ကျန်းမာရေးစနစ်၏အခြေခံအုတ်မြစ် (၆)ခုအနက် တစ်ခုဖြစ်သည့် ကျန်းမာရေးပညာရှင်များ၏ စွမ်းဆောင်ရည်မြင့်မားမှုအတွက် ၂၀၂၃ ခုနှစ် မတ် ၁၁ ရက်မှ ၁၂ ရက်အထိ အရည်အသွေးရှေးရှု ကျန်းမာရေးစောင့်ရှောက်မှု ဟူသည့် အဓိကဦးတည်ချက်ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံကျန်းမာရေး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) Myanmar Health Sciences Conference (2023)ကို နေပြည်တော်၌ကျင်းပခြင်း ဖြစ်သည်။ ဆွေးနွေးပွဲ ၄၉ ခုနှင့် ဆေးလက်တွေ့ဆွေးနွေးခြင်း ကဏ္ဍလေးခုအပြင် အာရှနှင့်အရှေ့တောင်အာရှဒေသတွင်းမှ ဆေးပညာရှင်များ၏ ဟောပြောဆွေးနွေးပွဲများကိုလည်း MICC-2 ၌ နှစ်ရက်ဆက်တိုက်ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်အတွက်လည်းကောင်း၊ ကျန်းမာရေး ကဏ္ဍနယ်ပယ် အသီးသီးမှ ပညာရှင်များ ပါဝင်ဆင်နွှဲခြင်းဖြင့် ခေတ်မီဆေးပညာရပ်များဖွံ့ဖြိုးတိုးတက်နေမှုများနှင့် ပတ်သက်၍ သိရှိ နားလည်စေရန်အတွက် လည်းကောင်း၊ ကျန်းမာရေးနယ်ပယ်အသီးသီးမှ ဆေးပညာရပ်များဆိုင်ရာပညာ ရှင်များအချင်းချင်း အပြန်အလှန်ပေါင်းစပ်ညှိနှိုင်း သင်ကြားရေးနှင့် ကုသရေးကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက်လည်းကောင်း၊ ဆေးနှင့်ဆေးနှီးနွှယ်ပညာရှင်များ အနေဖြင့် တိုးတက်ပြောင်းလဲနေသော ဆေးပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးလိုသည့် အစဉ်အလာဖြစ်ထွန်းစေရန် အတွက်လည်းကောင်း၊ ပြည်သူလူထုအား အရည်အသွေးပြည့်ဝသောကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အထောက်အကူပြုစေရန်အတွက် လည်းကောင်း ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်သည်။

အဆိုပါ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျန်းမာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ကျန်းမာရေးနှင့်သက်ဆိုင်သည့် နယ်ပယ်အသီးသီးမှ ဆေးနှင့်ဆေးနှီးနွှယ် ပညာရှင်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးအောက်ရှိ တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့မှ ဆေးပညာရှင်များ၊ အငြိမ်းစားကျန်းမာရေးပညာရှင်များ၊ အငြိမ်းစား တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များ၊ ပြင်ပဆရာဝန်များ စသည့်မြန်မာနိုင်ငံရှိဆေးပညာရှင်များသာမက  အာရှနှင့်အရှေ့တောင် အာရှဒေသတွင်းမှ ဆေးပညာရှင်များလည်း တက်ရောက်ဟောပြောဆွေးနွေးကြမည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု ရလဒ်ကောင်းရှိမှသာလျှင် ထိရောက်သည့် တိုးတက်မှုရလဒ်များကို ရရှိမည်ဖြစ်သည်။ ကျန်းမာကြံ့ခိုင်သော နိုင်ငံသားများ ဖြစ်ပေါ်လာရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် လွန်စွာပင်အရေးကြီးလှသည်။ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာနေသော ကမ္ဘာကြီးအနေဖြင့် စီးပွားရေးနှင့်လူမှုရေးမညီမျှမှုများတိုးပွားလာခြင်း၊ မြို့ပြများ အလျင်အမြန်ဖွံ့ဖြိုးလာခြင်း၊ ရာသီဥတုဖောက်ပြန်မှုများ၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများ၊ ကူးစက်ရောဂါနှင့် မကူးစက်သည့် ရောဂါများ ဖြစ်ပွားမှုမြင့်မားလာခြင်း တို့ကိုလည်း ရင်ဆိုင်နေရသည်။

အနာဂတ်တွင် ပိုမိုတိုးတက်ပြောင်းလဲလာမည့် လူမှုစီးပွားနှင့် ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများကို ကြိုတင်တွက်ဆကာ ရှိရင်းစွဲ အရင်းအမြစ်များကို အခြေခံ၍ မိမိတို့နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို  အရည်အသွေးပြည့်ဝစွာ ရှိနေစေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံသားတိုင်းအတွက် ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုရရှိရေးကို အကောင်အထည်ဖော်လျက်ရှိရာတွင် ပြည်သူတိုင်း လက်လှမ်းမီရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံကျန်းမာရေး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲမှ ရရှိမည့် အကျိုးကျေးဇူးများကို အသုံးချပြီး ပြည်သူများအတွက် အကောင်းဆုံးကျန်းမာရေး စောင့်ရှောက်မှုပြုနိုင်တော့မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။