တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော်၊ မတ် - ၁၂

          ရခိုင်ပြည်နယ် အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာလာသည့်  တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့တွင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ရေတပ်ဆိပ်ခံတံတားသို့ရောက်ရှိရာ နယ်မြေခံရေတပ်စခန်း ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံ ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ အဆိုပါ နယ်လှည့်အထူးကု ဆေးအဖွဲ့သည်  စနဲမြို့တိုက်နယ်ဆေးရုံ၌ အခြေပြု၍ အဆိုပါ မြို့အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၉၀၇ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၂၂ ဦး၊ ခွဲစိတ်ရောဂါ ၅၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၃ ဦး၊ ကလေးရောဂါ ၃၇ ဦး၊ အရိုးရောဂါ ၁၅၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၆၇ ဦး၊ မျက်စိရောဂါ ၂၅၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၉၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၁၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၆ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၂ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၇၂ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၅၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

          ယင်းသို့‌ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

          ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါတယ်-

 

ဆီးလမ်းကြောင်းမှာ ကျောက်တည်တယ်ဆိုပြီးတော့ ရန်ကုန်မှာနေတုန်းက ဆေးခန်းမှာ ပြခဲ့တယ်။ အဲ့ဒါကြောင့် ဒီမှာ Ultrasound လာပြီးရိုက်တာပါ။ ကျေးဇူးတင်ပါတယ်။ ဘာလို့ဆို ဒီလို ခက်ခဲနေတဲ့အချိန်မှာ ပိုက်ဆံမကုန်ဘဲလာပြလို့ရတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်။ အရမ်းကြီး ဒီလိုမျိုး Ultrasound ရိုက်မယ်ဆိုရင် ဒီမှာကရိုက်လို့သိပ်အဆင်မပြေဘူး။ ရန်ကုန်တွေ၊ ကျောက်ဖြူ တွေသွားရတော့ ပိုက်ဆံတွေ ကုန်ပါတယ်။ ဒီမှာကျတော့ ဒီလိုမျိုးပြလို့ရတယ်ဆိုတော့ အဆင်ပြေ တာပေါ့။ လာစေချင်တယ် ဘာဖြစ်လို့လဲဆိုတော့ နောက်ထပ်မသိလိုက်လို့ လာမပြလိုက်ရတယ်လူ လဲရှိမယ်။ နောက်တစ်ခါ လာပြမယ်ဆိုရင် ပိုပြီးအဆင်ပြေသွားတာပေါ့။ ဒီထက်လည်းအများကြီး ကုပေးနိုင်ပါစေ။ နိုင်ငံတော်အကြီးအကဲနှင့် ဆေးကုပေးတဲ့ဆရာဝန်အဖွဲ့ကိုလည်း ကျေးဇူးတင်ပါ တယ်။

 

ကျွန်မတို့က ကျောက်ဖြူခရိုင် မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းရဲ့ ဥက္ကဌ ကျွန်မတို့ ဒါပရဟိတ အဖွဲ့ပေါ့နော်။ ကျွန်မတို့အဲ့ဒီအသင်းအဖွဲ့အနေနဲ့ ကျွန်မတို့ဒီဒေသမှာလာပြီး ပူးပေါင်း ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ဒီလိုမျိုး ဝေးလံခေါင်းပါးတဲ့ စနဲမြို့လေးကို လာရောက် ပြီးတော့ ဆေးကုသဖို့ စီစဉ်ပေးတဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သံလွင် စစ်သင်္ဘောရေယာဉ် ပြီးတော့ ဆေးလာကုသပေးတဲ့ ပါရဂူကြီးတွေ၊ ဆရာဝန်ကြီးတွေနဲ့တကွ နောက်ပြီးတောက် ကျန်းမာရေး နယ်လှည့််ဆေးကုသရေး အဖွဲ့တွေရော ကျေးဇူးအများကြီးတင်ပါ တယ်။ အဲ့လိုမျိုး လာရောက် ကုသပေးတဲ့အတွက် ကျွန်မတို့ကအတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ် ရှင်။ အများကြီးအကျိုးရှိတာပေါ့ရှင်။ ကျွန်မတို့ ဒီစနဲဆိုတာက မြို့ပေါ်မှာသွားပြီးတော့ ပါရဂူတွေနဲ့ သွားပြရတာပေါ့။ ကျွန်မတို့မှာ တိုက်နယ် ဆေးရုံလောက်ပဲ ရှိတဲ့အခါကျတော့ ခက်ခဲတယ်။ နောက် သွားရေးလာရေး ဝေလံတယ်။ နိုင်ငံတော်အကြီးအကဲကြီးတွေက ကျွန်မတို့ဒေသအတွက်ကိုလေ စက်တွေကော၊ ဆရာဝန်ကြီးတွေကော ယန္တရားကြီးတွေနဲ့ လာပြီးတော့ သေချာလေးလာပြီးတော့ ကုပေးတဲ့အတွက်ကြောင့် လာပြတဲ့သူတွေဟာဆိုရင် ထောင်နဲ့ချီရှိပြီး ကျွန်မတို့တောင် မနိုင်မနင်း ဖြစ်ရပါတယ်။ ကျွန်မတို့ကလေ အခုဆိုလျှင် ဒီသံလွင် စစ်သင်္ဘောကြီးမှာ မျက်စိဆိုလျှင် အတွင်းတိမ် ဖြစ်တယ်ဆိုရင် ချက်ခြင်းခွဲပေးတာပေါ့နော်။ အဲ့ဒါဆိုတော့ သူတို့ကပိုက်ဆံကုန်ကျစရိတ် နောက်ပြီး တော့အချိန်ပေါ့နော် အများကြီးသက်သာတယ်။ ချက်ချင်းမျက်စိ အလင်းပြန်ရတဲ့အတွက်ကြောင့် ကျွန်မတို့ဒေသခံတွေ စနဲမြို့သူ၊ မြို့သားတွေကအရမ်းကို ဝမ်းသာကြည်နူးကြတယ်။ နောက်ပြီး တော့ အခြားသော အရိုးတို့၊ သွားတို့ဆိုရင် ချက်ချင်းကုပေးတာ။ အဲ့လိုမျိုးဆိုတာ ကျွန်မတို့မှာ တစ်ခါမှ မကြုံဖူးဘူးပေါ့နော်။ ကျွန်မတို့က အတိုင်းမသိကျေးဇူးလည်းတင်တယ်။ ကျွန်မဆုတောင်း ပေးချင်တာကတော့ ကျွန်မတို့ရဲ့နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး မိသားစုတွေ နောက်ပြီးတော့ နယ်လှည့်ဆေးကုသရေးအဖွဲ့ ဆရာဝန်ကြီးတွေ၊ ပါရဂူကြီးတွေနဲ့ ကျန်းမာရေး အသင်းအဖွဲ့တွေ Volunteer အဖွဲ့တွေ၊ နောက်ပြီးတော့ သံလွင်စစ်သင်္ဘောရေယာဉ် အဖွဲ့တွေကော အရာရှိကြီးတွေကော အကုန်လုံးကိုလေကျေးဇူးတင်ရှိပါတယ်။ နောက်နောင်လည်း ကျွန်မတို့ရဲ့ဒေသကို ယခုလို လာရောက် ဆေးကုသပေးပါလို့ မေတ္တာရပ်ခံပါတယ်။ ဆုတောင်း မေတ္တာပို့ပါတယ်။ နောက်ပြီးတော့ ဒီဒေသရဲ့ကိုယ်စား အရမ်းပဲဝမ်းသာလို့ ဒီထက်မကစိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ရှိပါစေလို့ ကျွန်မက ဆုတောင်မေတ္တာပြုပါတယ်ရှင်။