ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ဆေးခြောက်အဆီဖြင့် ချောကလက်မုန့် ပြုလုပ်ရောင်းချသူအား ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ဆေးခြောက်အဆီဖြင့် ချောကလက်မုန့် ပြုလုပ်ရောင်းချသူအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်  မတ်  ၁၂

    မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့သည် လူငယ် ထုအတွင်း မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် စိတ်ပြောင်းဆေးဝါး အသစ်များ သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အလေး ထားဆောင်ရွက်လျက်ရှိပြီး  ချောကလက် ကဲ့သို့မုန့်များအား  ဆေးခြောက်အဆီဖြင့် ရောစပ်၍ Online ပေါ်မှ ရောင်းချခြင်းများအား လူငယ်များ အတုယူမှား မသုံးစွဲမိစေ ရန်အတွက် ဘက်ပေါင်းစုံမှ ချဉ်းကပ်သည့် နည်းလမ်းများဖြင့် တားဆီးနှိမ်နင်းရေး ဆောင် ရွက်လျက်ရှိရာ မတ်  ၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ (၁၆၆)လမ်းမပေါ်တွင် မဆုသက်မွန်(ခ)ပုံ့ပုံ့အား ဆေးခြောက် ၆၅ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းင်းနေထိုင်သည့် တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ တိုက်(၂၀)ရှိနေအိမ်ကို ဆက်လက်ရှာဖွေရာ ပလတ်စတစ်အိတ်ဖြင့် ထည့်လျက် ဆေးခြောက် ၂၄၀ ဂရမ်၊ ဖန်ပုလင်းဖြင့်ထည့်လျက်  ဆေးခြောက်အဆီ ၆၀ စီစီ၊ ရေခဲသေတ္တာအတွင်းမှ ဆေးခြောက်အဆီဖြင့် ရောနှောပြုလုပ်ထားသည့် ချောကလက်မုန့် ၁၂၄ ခု၊ ဆေးခြောက်မုန့်ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းသည် ၂၀၁၆ ခုနှစ်မှစ၍ ဆေးခြောက်အဆီ ထုတ်သည့် နည်းပညာအား Online မှ စတင်လေ့လာခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ မှစတင်၍ ဆေးခြောက်များအား Online ပေါ်မှတစ်ဆင့် ဝယ်ယူပြီး ချောကလက်မုန့်များ အတွင်းသို့ ဆေးခြောက်အဆီများ ရောနှောပြုလုပ်၍ လူငယ်များအား Online မှတစ်ဆင့်ရောင်းချခဲ့ကြောင်း သိရှိရသဖြင့် မဆုသက်မွန်(ခ)ပုံ့ပုံ့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်းနှင့်  ဝိသမလောဘသားများအ နေဖြင့် ၎င်းတို့ ငွေရလိုမှုတစ်ခုတည်းကိုသာ ကြည့်ပြီး ကျောင်းသားလူငယ်များနှင့် လူငယ်များအကြား     ထင်ယောင်ထင်မှားပြု၍ ယခုထက်ပိုမိုပြီး ဆေးခြောက်များ ဆက်စပ်ပါဝင်သော    အစားအသောက်များကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်ရောင်းချမှုများအပေါ် မိမိနိုင်ငံ၏ တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူခြင်းဖြင့်  ကြိုတင်ကာကွယ် တားဆီးလျက်ရှိသည်ကို မိဘပြည်သူများအား အသိပေး တိုက်တွန်း တင်ပြထားရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ  သတင်း ရရှိသည်။