ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ခြောက်ရာသီ သွင်းဂိုး ၂၀ နှင့်အထက် သွင်းယူနိုင်သည့် တတိယမြောက် ကစားသမားအဖြစ် တိုက်စစ်မှူးဟယ်ရီကိန်း မှတ်တမ်းဝင်

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ခြောက်ရာသီ သွင်းဂိုး ၂၀ နှင့်အထက် သွင်းယူနိုင်သည့်  တတိယမြောက် ကစားသမားအဖြစ် တိုက်စစ်မှူးဟယ်ရီကိန်း မှတ်တမ်းဝင်

စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းသည် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် စပါးအသင်းနှင့် နော်တင်ဟမ်အသင်းတို့ ကစားသည့်ပွဲစဉ်တွင်အသင်းအတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ပြီးနောက်  ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက်  ခြောက်ရာသီ  သွင်းဂိုး ၂၀   နှင့်အထက်သွင်းယူနိုင်သည့်   တတိယမြောက် ကစားသမားအဖြစ်   မှတ်တမ်းဝင်ခဲ့ကြောင်း   သိရသည်။

အဆိုပါပွဲစဉ်တွင် စပါးအသင်းက နော်တင်ဟမ် အသင်းကို ၃ ဂိုး-၁ ဂိုးဖြင့်အနိုင်ရရှိပြီး ဟယ်ရီကိန်းက ပွဲချိန် ၁၉ မိနစ်နှင့် ပွဲချိန် ၃၅ မိနစ်တို့တွင် ပယ်နယ်တီမှ တစ်ဆင့် သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ပြီးနောက် ယခုဘောလုံးရာသီတွင် ပရီးမီးယားလိဂ် သွင်းဂိုး ၂၀ပြည့်မြောက်ခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် ခြောက်ရာသီ  သွင်းဂိုး  ၂၀  နှင့်အထက် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် ပထမဆုံး ကစားသမားအဖြစ် နယူးကာဆယ်အသင်း ကစားသမားဟောင်း အလန်ရှီးယားက မှတ်တမ်းဝင်ခဲ့ပြီး ဒုတိယမြောက် ကစားသမားအဖြစ် မန်စီးတီးအသင်း ကစားသမားဟောင်း အဂူရိုက မှတ်တမ်းဝင်ခဲ့ကာ ယခုအခါ ဟယ်ရီကိန်းက တတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

ဟယ်ရီကိန်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် စပါးအသင်းနှင့်အတူ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီက ၂၁ ဂိုး၊ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီက ၂၅ ဂိုး၊  ၂၀၁၆-၂၀၁၇ ဘောလုံးရာသီက ၂၉ ဂိုး၊ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီက ဂိုး ၃၀ ဖြင့် လေးရာသီဆက် သွင်းဂိုး ၂၀ နှင့်အထက် သွင်းယူနိုင်ပြီးနောက်  ၂၀၁၈-၂၀၁၉ ဘောလုံးရာသီတွင် ၁၇ ဂိုးနှင့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီတွင်  ၁၈  ဂိုးသာ သွင်းယူနိုင်ခဲ့သော်လည်း ၂၀၂၀-၂၀၂၁ ဘောလုံးရာသီတွင် ၂၃ ဂိုးနှင့် ယခုဘောလုံး ရာသီတွင် ၂၇ ပွဲကစားအပြီး  သွင်းဂိုး ၂၀ သွင်းယူထားကြောင်း သိရသည်။