တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ စနဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ စနဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ မတ် - ၁၃

       ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသ တစ်လျှောက်မှ  ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများသည် ယနေ့တွင် စနဲမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ခွဲစိတ်ကုသပြီးသော ဒေသခံပြည်သူများအား ဆေးရုံရေယာဉ်ပေါ်၌ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအား ပေး၍ မျက်မှန်များ တပ်ဆင်ပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။ ထို့နောက် အဆိုပါ လူနာများအား စနဲမြို့ ဆိပ်ခံတံတားသို့ တပ်မတော်ရေယာဉ်ဖြင့် ပြန်လည် ပို့ဆောင်ပေးသည်။

    ထို့အတူ နယ်လှည့်အထူးကု ဆေးအဖွဲ့သည် စနဲမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၀၃၅ ဦးအား  စနဲမြို့တိုက်နယ် ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးကြသည်။

     ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့တွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၃၀၇ ဦး၊ ခွဲစိတ်ရောဂါ ၆၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃၂ ဦး၊ ကလေးရောဂါ ၄၃ ဦး၊ အရိုးရောဂါ ၂၅၉ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၇၈ ဦး၊ မျက်စိရောဂါ ၁၆၅ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၈၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး သည်။ ထို့အပြင် အထွေထွေ ခွဲစိတ်လူနာ ၇ ဦး၊ မျက်စိခွဲစိတ်လူနာ ၉ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၂ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၈၀ ဦး၊ ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၇၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ ၄ ဦးတို့ကို  နီးစပ်ရာ တပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

  ၎င်းအပြင် ဆေးရုံရေယာဉ်ပေါ်၌ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ သားဖွားမီးယပ်ပါရဂူ ဗိုလ်မှူးကြီး မိုးကျော်ထွန်း ဦးဆောင်ပြီး ကျောက်ဖြူမြို့နယ်၊ စစ်တောကျေးရွာနေ မီးဖွားလူနာ ဒေါ်ခင်လဲ့လဲ့ ကို ခွဲစိတ်မွေးဖွားပေးခဲ့ရာ နံနက် ၆ နာရီ ၃၄ မိနစ်ခန့်တွင် သားဦးရတနာတစ်ဦး (၆ ပေါင် ၆ အောင်စ)ကို ခွဲစိတ်မွေးဖွားပေး နိုင်ခဲ့ပြီး သားငယ် မောင်ဟိန်းသံလွင်အောင် ဟု အမည်ပေးခဲ့ကာ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် က ပေးအပ်သည့် ထောက်ပံ့ငွေနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူတစ်ဦးမှ ကိုယ်စားပေးအပ်ခဲ့သည်။ အဆိုပါ ကလေးငယ်သည် ယခုခရီးစဉ်အတွင်း ပထမဦးဆုံးမွေးဖွားပေးခဲ့သည့် ကလေးငယ် ဖြစ်ပြီး တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၏ ဆေးကုသပေးမှု သမိုင်းမှတ်တမ်းတွင် ၁၈ ဦး မြောက်အဖြစ် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

        ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံရေတပ်စခန်း ဌာနချုပ်မှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

     ကျန်းမာရေး ဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခု လိုပဲကြားသိခဲ့ရပါတယ်-

ဦးဘရင်၊ စနဲမြို့၊ အလယ်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး

   “မြို့ပေါ် ရပ်ကွက်(၅)ရပ်ကွက်နဲ့ အုပ်စု (၁၁)အုပ်စုနဲ့ဖွဲ့စည်းထားတဲ့   စနဲ့မြို့ဖြစ် ပါတယ်။ လမ်းပန်းဆက်သွယ်ရေး အနေနဲ့  သွားရေးလာရေး၊ ငွေရေးကြေးရေးအခက် အခဲရှိပါတယ်။ အခုလို သံလွင်သင်္ဘောက အထူးကုပါရဂူတွေ၊ ခေတ်မီစက်ကိရိယာတွေနဲ့ လာရောက်ဆေးကုသပေးတဲ့ အတွက်  အတိုင်းမသိ ဝမ်းသာပါတယ်။ နောင်လည်း အခုလိုပဲလာရောက် ဆေးကုသပေးစေချင်ပါ တယ်။ လက်ရှိလာရောက်ပြသတဲ့ လူနာတွေအတွက် အခက်အခဲမရှိပါဘူး။ လူနာတွေအတွက်လည်း စိတ်ချမ်းသာမှုရှိတယ်။ သွားရေးလာရေးအတွက်လည်း ကားတွေစီစဉ်ထားပေးတဲ့ အတွက်  အဆင်ပြေပါတယ်။ အခုလို အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးတဲ့အတွက်  နိုင်ငံတော် အကြီးအကဲနဲ့တကွ သံလွင်သင်္ဘောမှာပါတဲ့ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်တွေ၊ ဆရာ၊ ဆရာမတွေ အားလုံးကိုကျေးဇူးတင်ကြောင်း ပြောလိုပါတယ်”ဟု ပြောသည်။

ဒေါ်အေးလှတင်

    “ကျွန်မက  အဖုအကျိတ်လာပြတာပါ။ အရင်ကတော့    ဆေးရုံသွားပြပါတယ်။ ဆရာဝန်က အဖုအကျိတ်ကို စမ်းသပ်ကြည့်ပြီး ခွဲစိတ်ဖို့ဆန္ဒရှိလား မေးပါတယ်။ ကျွန်မက ခွဲချင်ပါတယ်ပြောလိုက်တော့ ခွဲစိတ်ပေးပါတယ်။   အပြင်မှာပြရင်  ပိုက်ဆံကုန်တယ်။ ဒီမှာက ပိုက်ဆံမကုန်ဘူး။ အားလုံးအဆင်ပြေပါတယ်။ ဆရာတွေ၊ သူနာပြုဆရာမတွေ၊ ခွဲစိတ်ပေးတဲ့ ဆရာဝန်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။