တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များ ဆက်လက်ပို့ဆောင်

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များ ဆက်လက်ပို့ဆောင်

နေပြည်တော်၊ မတ် - ၁၃

    ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိက ကျသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝှမ်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူး ပေးလျက်ရှိသည်။   

    ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင် အခန်းတွင်ထားရှိသည့် ဆေးတစ်လုံးလျှင် လူငါးဦးထိုးနိုင်သော Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့သို့ ဆေးထိုးအပ် ၇၅၀၀ ချောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ Sinopharm ၁၀၀၀၀ လုံး၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ Sinopharm ၇၄၀ လုံး၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ Sinopharm ၆၀၀ လုံး၊ ဆေးထိုးအပ်  ၃၀၀၀ ချောင်းတို့ကို တပ်မတော်လေယာဉ် များဖြင့် ပို့ဆောင်ပေးကြသည်။

    အဆိုပါ ကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များကို တာဝန်ရှိသူများက အသီးသီး လက်ခံခဲ့ကြပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူး ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။