PDF အမည်ခံအကြမ်းဖက်သမားများက ပုလဲမြို့ရှိ မြို့နယ်သစ်တောဦးစီးမှူးရုံးအား မီးပုလင်းများဖြင့် ပစ်ပေါက်တိုက်ခိုက်

PDF အမည်ခံအကြမ်းဖက်သမားများက ပုလဲမြို့ရှိ မြို့နယ်သစ်တောဦးစီးမှူးရုံးအား မီးပုလင်းများဖြင့် ပစ်ပေါက်တိုက်ခိုက်

နေပြည်တော်၊ မတ် - ၁၃

      စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့ရှိ မြို့နယ်သစ်တောဦးစီးမှူးရုံးအား  PDF အမည်ခံ အကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက်တိုက်ခိုက်ရာ ဝန်ထမ်းအိမ်ရာ အဆောက်အဦ မီးလောင်ပျက်စီးသွားကြောင်း သိရှိရသည်။

    ဖြစ်စဉ်မှာ ပုလဲမြို့ရှိ မြို့နယ်သစ်တောဦးစီးမှူးရုံးအား ယနေ့နံနက် ၈ နာရီ ခွဲ ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက အဆိုပါမြို့၏ အနောက်ဘက်ရှိ   မြကုန်းကျေးရွာမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ရုံးဝန်းအတွင်းသို့ မီးပုလင်း ၄ လုံး ဖြင့် ပစ်ပေါက်၍ မီးရှိ့ဖျက်ဆီးခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာနေရာသို့ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်မီးငြိမ်းသတ်ခဲ့ရာ နေ့လယ် ၁၁ နာရီ ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့်  ယာယီပိတ်ထားပြီး လူနေထိုင်ခြင်းမရှိသည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦအဟောင်းများ (ကာလတန်ဖိုး ကျပ် ၈၅ သိန်းခန့်) မီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရပိုင်အဆောက်အဦများအား အကြောင်းမဲ့ အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများ အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။