အမေရိကန်တွင် အကြီးဆုံးစီးပွားရေး ဘဏ်ကြီးတစ်ခု ပြိုလဲမှုက အစိုးရအား ဂယက်ရိုက်ခတ်

အမေရိကန်တွင် အကြီးဆုံးစီးပွားရေး ဘဏ်ကြီးတစ်ခု ပြိုလဲမှုက အစိုးရအား ဂယက်ရိုက်ခတ်

    အမေရိကန်ပြည်ထောင်စုတွင် အကြီးဆုံး စီးပွားရေး ဘဏ်ကြီးတစ်ခု ပြီးခဲ့သည့်ရက် သတ္တပတ်အတွင်းက  ဘဏ္ဍာရေးအကျပ် အတည်းများကြောင့် ပြိုလဲသွားခြင်းသည် ဂျိုးဘိုင်ဒင် အစိုးရအတွက်  နိုင်ငံရေးနှင့် စီးပွားရေးဖိအားများ မြင့်တက်လာစေကြောင်း သိရသည်။

    ကယ်လီဖိုးနီးယားပြည်နယ် အခြေပြုသည့် Silicon Valley Bank (SVB)ဘဏ်သည် အမေရိကန်၏ ၁၆ ခုမြောက် အကြီးဆုံး ဘဏ်ကြီးတစ်ခုဖြစ်ပြီး ပိုင်ဆိုင်မှုပမာဏ အားဖြင့် ဒေါ်လာ ၂၀၉ ဘီလီယံနှင့် ဘဏ် အပ်ငွေဒေါ်လာ ၁၇၅ ဒသမ ၄ ဘီလီယံခန့် ရှိသည့် ဘဏ်ကြီးတစ်ခုဖြစ်သည်။ သို့သော် အမေရိကန်တွင် ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်း   စတော့ရှယ်ယာ ဈေးနှုန်းများ ကျဆင်းလာခြင်းနှင့် တည်ငြိမ်မှုမရှိသော ဘဏ္ဍာရေး အခြေအနေများကြောင့် ငွေစုသူများက ယင်းဘဏ်တွင် အပ်နှံထားသည့် ငွေကြေးများကို တစ်ပြိုင်နက်တည်း ထုတ်ယူ ခဲ့ခြင်းကြောင့်  SVB ဘဏ်မှာ ပြိုလဲသွား ခြင်းဖြစ်သည်။

    အဆိုပါဘဏ်သည် တစ်ကမ္ဘာလုံးတွင် ဘဏ်ခွဲများ ဖွင့်လှစ်ထားပြီး ဝန်ထမ်းပေါင်း ၈၅၀၀ ကျော်ကို ခန့်အပ်ထားသည်။ ယခု အခါ အမေရိကန်အစိုးရက ယင်းဘဏ်၏ ဘဏ်လုပ်ငန်းများ ဆောင်ရွက်မှုအားလုံးကို ပိတ်ပင်လိုက်ပြီး ဘဏ်၏ ပိုင်ဆိုင်မှုအားလုံးကို ပြည်ထောင်စုဘဏ် အပ်ငွေနှင့် ပိုင်ဆိုင် မှုအာမခံရေး ကော်ပိုရေးရှင်း(FDIC  ) သို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်သည်။

    စင်စစ်တွင် အစိုးရ၏ လုပ်ဆောင်ချက်သည်  SVB  ဘဏ်၏ ဘဏ္ဍာရေးအခြေ အနေ ယိုယွင်းမှုကြောင့်  FDIC  က အခြေအနေကို ဝင်ရောက်ထိန်းသိမ်းသည့် အနေဖြင့် လွှဲပြောင်း ရယူလိုက်ခြင်းဖြစ်သည်။ထို့ပြင် အမေရိကန်၏ ဘဏ်လုပ်ငန်းသည် လုံခြုံစိတ်ချမှုရှိကြောင်း၊ အစိုးရအနေဖြင့် လိုအပ်သည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျိုးဘိုင်ဒင် ဦးဆောင်သည့် အမေရိကန် အစိုးရက မတ် ၁၃ ရက်တွင် ပြည်သူများသို့ ပြောကြားလိုက် သည်။

    အဆိုပါဘဏ်သည် ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းတွင် လုပ်ငန်း လည်ပတ်မှုများကို ရပ်ဆိုင်းခဲ့ပြီး   ယင်းအခြေအနေနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက်ယယ် လန်က ဘဏ်လုပ်ငန်းဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များနှင့်ဆွေးနွေးလျက် ရှိကြောင်း သိရသည်။