လုံခြုံရေး အခြေအနေကြောင့် ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်လာသည့် တရုတ်

လုံခြုံရေး အခြေအနေကြောင့် ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်လာသည့် တရုတ်

    တရုတ်နိုင်ငံသည် လုံခြုံရေး အခြေအနေကြောင့်   ကာကွယ်ရေး အသုံးစရိတ်အဖြစ်ယွမ် ၁၅၅၃ ဒသမ ၇ ဘီလီယံကို အသုံးပြုသွားမည်ဖြစ်ကြောင်း  တရုတ်ကွန်ဂရက် လွှတ်တော်က ထုတ်ပြန်လိုက်သည်။

နိုင်ငံ၏ကာကွယ်ရေး အသုံးစရိတ်သည် ပြီးခဲ့သည့်နှစ်တွင် ယွမ် ၁၄၄၉ ဒသမ ၉၆၃ ဘီလီယံ (ဒေါ်လာ ၂၀၉ ဒသမ ၉ ဘီလီယံ)ရှိခဲ့သော်လည်း  ယခုနှစ်တွင် ၇ ဒသမ၂ရာခိုင်နှုန်း မြင့်တက်လာကြောင်း  တရုတ် ကွန်ဂရက်လွှတ်တော်က ယခုလအစောပိုင်းတွင် ထုတ်ပြန်သည့်  ကြေညာချက်၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံအနေဖြင့် လက်နက်ကိုင် တပ်ဖွဲ့များအား အဆင့်မြှင့်တင်ရန်၊ ကာကွယ်ရေး သိပ္ပံနည်းပညာနယ်ပယ်တွင်  နိုင်ငံ၏ အင်အားကို   တိုးချဲ့ရန်နှင့်  တရုတ်လက်နက်ကိုင် တပ်ဖွဲ့၏  စွမ်းဆောင်ရည် ပိုမိုတိုးတက်ကောင်းမွန် လာစေရန်အတွက် လိုအပ်လျက်ရှိကြောင်း ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ပြောင်းလဲရှုပ်ထွေးလာသည့် လုံခြုံရေး အခြေအနေနှင့် တာဝန်ဝတ္တရားများကို  ဖြည့်ဆည်းပေးနိုင်ရေး အတွက် နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်ကိုတိုးမြှင့်လာရခြင်း ဖြစ်ကြောင်း ၁၄ ကြိမ်မြောက် အမျိုးသားကွန်ဂရက် လွှတ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဝမ်ချောင်က ပြောကြားခဲ့သည်။ တစ်နည်းအားဖြင့် ဆိုရပါမူ တရုတ်အစိုးရသည်  ကာကွယ်ရေးအတွက် အသုံးစရိတ်ကို တိုးမြှင့်ရာတွင် တိုးတက်လာသည့်   နိုင်ငံ၏ စီးပွားရေးနှင့်အညီ  တိုးမြှင့်ရန် ရည်ရွယ်ထားသည်။

ထို့ပြင် တရုတ်အစိုးရက လုပ်ဆောင်မည့် လက်နက်ကိုင်တပ်ဖွဲ့ အဆင့်မြှင့်တင်ရေး အစီအစဉ်သည် မည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်ခြင်း မဟုတ်ဘဲ ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အထောက်အကူ ပြုသွားမည်ဖြစ်ကြောင်း  တရုတ်အစိုးရက အတည်ပြု ပြောကြားထားသည်။

အလားတူပင် တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းနှင့် လွတ်လပ်သည့်    နိုင်ငံခြားရေး မူဝါဒကို ဆက်လက်ဖော်ဆောင်လျက် ရှိပြီး   နိုင်ငံအားလုံးနှင့် ရင်းနှီးသော ဆက်ဆံမှုများကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ 

ထို့ပြင်  တရုတ်အစိုးရအနေဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေး၊ လူသားအားလုံး၏ တူညီသော စံတန်ဖိုးများကို မြှင့်တင်ပေးနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ကတိကဝတ် ထားရှိသည်။

တရုတ်ကွန်ဂရက်လွှတ်တော်၏ ထုတ်ပြန်ချက်အရ  ယင်းနိုင်ငံအနေဖြင့် ပြည်သူ့လုံခြုံရေးအတွက် အသုံးပြုမည့်   အသုံးစရိတ်အတွက် ယွမ် ၂၀၈ ဒသမ ၉၇၂ဘီလီယံကို အသုံးပြုရန် အဆိုပြုထားသည်။

ယင်းပမာဏသည်   ပြီးခဲ့သည့်နှစ်က တင်သွင်းခဲ့သည့် ပမာဏထက် ၆ ဒသမ ၄ရာခိုင်နှုန်း ပိုမိုမြင့်တက်လာသည်။

လက်ရှိတွင် တရုတ်နှင့် အမေရိကန်တို့ကြား နိုင်ငံရေးနှင့် စီးပွားရေးအရ  တင်းမာလျက်ရှိပြီး  တောင်တရုတ်ပင်လယ်အရေး၊ ယူကရိန်းပဋိပက္ခတို့နှင့် စပ်လျဉ်း၍ အင်အားကြီး နှစ်နိုင်ငံ၏ ဆက်ဆံရေးတွင် သံသယ ဖြစ်မှုများ  ဖြစ်ပေါ်လျက်ရှိသည့်အပြင် အမေရိကန်အစိုးရက  တရုတ်နိုင်ငံအား တစ်ဖက်သတ်စွပ်စွဲမှုများ  လုပ်ဆောင်လျက်ရှိသည်။ ထို့ကြောင့် တရုတ်နိုင်ငံနှင့် ဆက်ဆံမှုပြုရာတွင် အမေရိကန်အနေဖြင့် ရန်လိုသည့် အပြုအမူများကို ရပ်တန့်ခြင်းမရှိပါက  အင်အားကြီး နှစ်နိုင်ငံကြား ဆက်ဆံရေးသည် ပဋိပက္ခသို့ ဦးတည်သွားနိုင်ကြောင်း  တရုတ်နိုင်ငံခြားရေး ဝန်ကြီးအသစ် ချင်ကန်းက ယခုရက်သတ္တပတ်အတွင်း   သတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နှင့် အမေရိကန်တို့သည် ကမ္ဘာပေါ်တွင် တတိယနှင့် ဒုတိယအကြီးဆုံး နျူကလီးယား လက်နက်နိုင်ငံများဖြစ်ပြီး အမေရိကန်အစိုးရက  တရုတ်နိုင်ငံအား ၎င်းတို့၏ အဓိကပြိုင်ဘက်အဖြစ်  ရှုမြင်လျက်ရှိကြောင်းကို    မကြာသေးမီက ဖြစ်ပွားခဲ့သည့် မိုးပျံပူဖောင်းအား  အမေရိကန်၏ ပစ်ချမှုက   သက်သေပြလျက်ရှိကြောင်း ချင်ကန်းက သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင်ပြောကြားခဲ့သည်။

အမေရိကန်လေတပ်သည် တရုတ်ပုဂ္ဂလိကပိုင် သိပ္ပံပညာရပ်ဆိုင်ရာ လေ့လာရေး မိုးပျံပူဖောင်းတစ်လုံးအား ဖေဖော်ဝါရီလ အစောပိုင်းက သမ္မတ ဂျိုးဘိုင်ဒင် အမိန့်ဖြင့်ပစ်ချလိုက်သည်။ ယင်းမိုးပျံပူဖောင်းသည် လမ်းကြောင်းလွဲကာ အမေရိကန်ပိုင်နက် အတွင်းသို့ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း တရုတ်အစိုးရက  အတည်ပြုခဲ့သော်လည်း အမေရိကန်လေတပ်က ပစ်ချလိုက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့်   အမေရိကန် ပြည်ထောင်စုနှင့်  ကောင်းမွန်ခိုင်ခံ့သော ဆက်ဆံရေးကို ထိန်းသိမ်းရန်ကြိုးပမ်းလျက် ရှိကြောင်း၊ ထို့ကြောင့် အမေရိကန်အစိုးရ အနေဖြင့် တရုတ်အပေါ် ရန်လိုသည့် ရပ်တည်ချက်များကို  ရပ်ဆိုင်းခြင်း မရှိပါက နှစ်နိုင်ငံကြား ထိပ်တိုက်ရင်ဆိုင်မှုနှင့် ပဋိပက္ခတို့အား ရှောင်လွှဲနိုင်မည် မဟုတ်သောကြောင့် တရုတ်အစိုးရအနေဖြင့် ပြောင်းလဲလာခြင်းသည်  လုံခြုံရေး အခြေအနေများအတွက် အသင့်ပြင်ဆင်နိုင်ရန်  နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်လာခြင်းဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

Ref: Sputnik