စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၈၂)

ဒီလိုလျှပ်စစ်ဓာတ်အားကို အရင်းအမြစ်ပေါင်းစုံ စနစ်တကျအချိုးကျ ရောစပ်မောင်းနှင်ရတယ်ဆိုတာ သာမန်လူတွေအနေနဲ့ အကျွမ်းတဝင် မရှိပေမယ့် တကယ်လို့သာ နိုင်ငံတစ်နိုင်ငံလုံးနဲ့ချီပြီး စီမံခန့်ခွဲတော့မယ်ဆိုရင်တော့ ဒီပညာရပ်ကို တီးမိခေါက် မိလောက်သာမကတော့ဘဲ လေ့လာပြီး ဆောင်ရွက်ဖို့တော့လိုပါလိမ့်မယ်။

ဒီအခန်းမှာ နိုင်ငံတကာစွမ်းအင်ကဏ္ဍမှာ အရေးပါတဲ့ထုတ်လုပ်မှု ကိစ္စကိုဘယ်လိုစီမံနေကြသလဲဆိုတာ လေ့လာဖော်ပြမှာ ဖြစ်ပါ တယ်။ လေ့လာတဲ့အခါ ကိန်းဂဏန်းအချက်အလက်များပါမှာဖြစ်သလို နိုင်ငံအလိုက် သုံးသပ်ချက်များပါ တစ်ပါတည်း ဖော်ပြပေးသွားပါမယ်။ နိုင်ငံတကာ လျှပ်စစ်အရင်းအမြစ်တွေအကြောင်းပြောတဲ့အခါ အခြေခံသိရှိ ထားသင့်တဲ့ အကြောင်းအရာ များကို ကြိုတင်သိရှိနိုင်အောင် ဦးစွာဖော်ပြ ပါမယ်။

၂၀၁၅ ခုနှစ် ပြင်သစ်(ပဲရစ်) သဘောတူညီချက် (COP-21)

၂၀၁၅ ခုနှစ်မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံ (၂၁) ကြိမ်မြောက်အစည်းအဝေးကျင်းပခဲ့တယ်။ ဒီအစည်းအဝေး မှာ ချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေကို  ပဲရစ်သဘောတူညီချက်  (Paris Agreement) လို့ခေါ်တယ်။ ဒီအစည်းအဝေးကို Conference of Parties-21(COP-21) လို့ ခေါ်ကြတယ်။ ဒီ COP-21 ရဲ့ဆုံးဖြတ်ချက်တွေထဲက အရေးကြီးတာတချို့ကတော့    ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးတဲ့နိုင်ငံတွေဟာ ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချကြရမယ်။ ဘယ်လောက် လျှော့ချရမလဲ ဆိုရင် ၁၇၅၀ ပြည့်နှစ်နောက်ပိုင်း စက်မှုတော်လှန်ရေးကာလမတိုင်မီက ရှိနေခဲ့တဲ့အပူချိန်ထက် ၂ ဒီဂရီ စင်တီဂရိတ်ထက်  မပိုတဲ့ အပူချိန်ကို ထိန်းထားကြရမယ်ဆိုတဲ့အချက်ပါပဲ။  ဒီသဘောတူညီချက်ကို  ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင် အဆင့် (၁၉၅ နိုင်ငံ)က လက်မှတ်ရေးထိုးခဲ့ကြတယ်။  အဓိကရည်ရွယ် ချက်ကတော့ ကမ္ဘာကြီးပူနွေးလာမှုဟာ မှန်လုံအိမ်ဓာတ်ငွေ့ (Green House Gas-GHG)  ကြောင့်ဖြစ်တယ်။ ဒီထဲမှာပါတဲ့  ကာဗွန်ဒိုင် အောက်ဆိုဒ် (CO2)၊ မီသိန်း (NH4) ၊ နိုက်ထရပ်အောက်ဆိုဒ် (N2O)၊ အိုဇုန်း (O3) စတာတွေကို လျှော့ချဖို့ပါပဲ။  ဒီထဲမှာတော့ ကာဗွန်ဒိုင် အောက်ဆိုဒ်က အများဆုံးပါနေတာဖြစ်လို့ အဓိကလျှော့ချရမှာကတော့ တွင်းထွက်လောင်စာတွေထဲက CO2 ထုတ်လုပ်မှုများတဲ့ ရေနံ၊ ကျောက် မီးသွေးကို လျှော့ချသုံးစွဲကြဖို့ပါပဲ။ ဒါပေမဲ့  ကျန်တဲ့ဓာတ်ငွေ့ တွေကိုလည်း လျှော့ချကြရပါမယ်။ ဒီနေရာမှာ တစ်ခုသိထားကြရမှာက GHG ထဲမှာပါတဲ့ ဓာတ်ငွေ့အားလုံးရဲ့ အာနိသင်ကို တွက်ချက်ပြီး အားလုံးကိုကိုယ်စား ပြုမယ့်နာမည်အဖြစ် ကာဗွန်ဒိုင်အောက်ဆိုဒ်  (CO2) အဖြစ်  တစ်ပေါင်း တစ်စည်းတည်း ခေါ်ဝေါ် သုံးစွဲသွားကြတယ်ဆိုတာပါပဲ။

ကာဗွန်လျှော့ချရမယ့်ကိစ္စဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အတော်ခက်ခဲမယ့်ကိစ္စပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့နိုင်ငံတွေ  ဖွံ့ဖြိုးရေးအတွက် ကျောက်မီးသွေးသုံးစွဲမှုဟာ ကုန်ကျစရိတ်သက်သာတဲ့အတွက် မသုံးမဖြစ်လို့ပါပဲ။ ယနေ့ ဖွံ့ဖြိုးပြီး ချမ်းသာနေတဲ့ နိုင်ငံတွေက နှစ်ပေါင်း ၂၅၀ ကျော်လောက် ကျောက်မီးသွေးနဲ့ တွင်းထွက်လောင်စာတွေကို အကြီးအကျယ်သုံးပြီး ချမ်းသာလာကြပြီ ဖြစ်လို့ တခြားဈေးကြီးတဲ့အရင်း အမြစ်ပြောင်းသုံးတာတို့၊ နျူကလီးယားပြောင်းသုံးတာတို့ လုပ်လာနိုင်ပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေက ဒီလိုမလုပ်နိုင်ကြသေးပါဘူး။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတောင် သမ္မတဖြစ်လာချိန်မှာပဲ သူ့နိုင်ငံ စီးပွားရေးကို ပြန်လည် ထူမတ်ဖို့ဆိုရင်  ကျောက်မီးသွေးမသုံးလို့ မရဘူးဆိုပြီး  COP-21  မှာ  အမေရိကန်လက်မှတ်ရေးထိုးခဲ့တာကိုတောင် ပြန်ပြီးရုပ်သိမ်း မယ်လို့ ကြေညာခဲ့ပါတယ်။

နည်းနှစ်နည်း ဘယ်လမ်းလိုက်မလဲ

ဘယ်လိုပဲဖြစ်ဖြစ်  ကမ္ဘာကြီးပူနွေးလာတာကို လျှော့ချရမှာကတော့ နိုင်ငံတိုင်းရဲ့တာဝန်ပါပဲ။  ဒါပေမဲ့  ရေအားလျှပ်စစ်ပြီးရင်  ဒုတိယဈေး အသက်သာဆုံး ဓာတ်အားထုတ်လုပ်ပေးနိုင်တဲ့ ကျောက်မီးသွေးကို ပစ်ပယ်ဖို့ကတော့ အလွန်ခက်ပါတယ်။ ဆင်းရဲတွင်း နက်နေတဲ့ပြည်သူကို မျက်နှာလွှဲပြီး ကမ္ဘာကြီးပူနွေးမှုကိုပဲ ဦးစားပေးကာကွယ်ရမယ်ဆိုတဲ့ အယူအဆဟာလည်း တစ်ဖက်စွန်း ရောက်အယူအဆပါပဲ။ ကမ္ဘာကြီးပူနွေးမှာကို တကယ်ကာကွယ်ချင်ရင် သစ်တောပြုန်းတီးမှုကို လူတိုင်း သတိတရားနဲ့ ကာကွယ် မယ်။ ထင်း၊ မီးသွေးသုံးစွဲနေရတဲ့  ဆင်းရဲမှုကို  မြှင့်တင်နိုင်မယ်ဆိုရင်ပဲ ပူနွေးမှုရာခိုင်နှုန်းအများစု လျှော့ချနိုင်ပါတယ်။ ဒါဆိုရင်  မြန်မာနိုင်ငံလို၊   အာဖရိကနိုင်ငံတွေလို  လျှပ်စစ်မီးမရှိလို့ တောထဲဝင် ထင်းခုတ်ပြီး ထင်း၊ မီးသွေးသုံးနေရတာမျိုး၊ နေ့စဉ် စားဝတ် နေရေးအတွက် လုံးဝလုပ်စားစရာမရှိလို့ သစ်ခုတ်၊ ထင်းခုတ်၊  မီးသွေး ဖုတ်ရောင်းစားနေကြရတာမျိုး၊  လုပ်စားစရာမြေမရှိလို့ တောတွေရှင်း၊ ရွှေ့ပြောင်းတောင်ယာတွေလုပ်ပြီး ဆင်းဆင်းရဲရဲရုန်းကန်နေကြရတဲ့ ဘဝတွေကို နည်းလမ်းရှာမြှင့်တင်ပေးရင်    ပတ်ဝန်းကျင် ထိခိုက်မှုလျှော့ချပြီးသား ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ် အလုံအလောက်လည်းမပေးနိုင်၊  အလုပ်အကိုင် အခွင့်အလမ်း ကလည်း မရှိတဲ့အခြေအနေမှာ ဆင်းရဲမှုကနေ ဆွဲတင်ပေးနိုင်မယ့် ဓာတ်အားပေးစက်ရုံတွေကို မတည်ဆောက်နဲ့ ဆိုရင်တော့ ခုတ်ရာတခြား ရှရာတလွဲဖြစ်တော့မှာပါ။ ဒီနေရာမှာ ကိုယ့် နိုင်ငံက ဘာနိုင်ငံလဲ၊ ဘယ်အခြေအနေရောက်နေတဲ့နိုင်ငံလဲ၊ ဘာလုပ် သင့်တဲ့နိုင်ငံလဲဆိုတာ  အစွန်းမရောက်အောင်  တွေးခေါ်ဆောင်ရွက်မှ ဒီနေ့ အရှေ့တောင်အာရှမှာ အနိမ့်ဆုံးဖြစ်နေတဲ့ဘဝ၊ ကမ္ဘာ့ နိုင်ငံ ၁၉၅ နိုင်ငံမှာ အဆင်းရဲဆုံးနိုင်ငံ ၃၀ ထဲ ရောက်နေတဲ့ဘဝက လွတ်မှာပါ။

နည်း(က)နဲ့ နည်း(ခ)ရွေးရမယ်

COP-21 အရ  လက်မှတ်ရေးထိုးထားတာကို  အကြောင်းပြုပြီး နောင် ၂၀၄၀ ပြည့်နှစ်အထိ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့  လျှပ်စစ်ကဏ္ဍမှာ ရည်မှန်းချက်နှစ်မျိုးနဲ့ ဆောင်ရွက်လာကြတာတွေ့ရတယ်။ နိုင်ငံအလိုက် နည်း(က)၊ နည်း(ခ) ဆိုပြီး လျာထားချက်တွေ လုပ်လာကြတယ်။ နည်း (က) ဆိုတာက လက်ရှိလျှပ်စစ်ထုတ်လုပ်နေတာတွေထဲမှာ ကမ္ဘာကြီး ပူနွေးစေမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှုများနေတာကို အတတ်နိုင်ဆုံးလျှော့ချမယ်။ ကိုယ့်နိုင်ငံရဲ့အခြေအနေပေါ်မူတည်ပြီး ကိုယ်လျှော့နိုင်သလောက် လျှော့ချမယ့် အစီအစဉ်အသစ် (New Scenario) ကို ရေးဆွဲဆောင်ရွက်မယ်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ကိုယ့်နိုင်ငံ အခြေအနေ ကြည့်ပြီး  ပိုပြီးသုံးပေးရမယ်ဆိုတာ  နည်း (က) ပါပဲ။                                       

ဆက်လက်ဖော်ပြပါမည်။