ဖိလစ်ပိုင်နှင့်အမေရိကန်တို့ကြား အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကို ဧပြီလတွင်ကျင်းပမည်

မနီလာ၊ စစ်ရေး

ဖိလစ်ပိုင်နှင့်အမေရိကန်တို့ကြား အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကို ဧပြီလတွင်ကျင်းပမည်

ဖိလစ်ပိုင်နှင့်   အမေရိကန်တို့ကြား အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကြီးကို ယခုနှစ်ဧပြီလတွင်ကျင်းပမည်ဖြစ်ပြီး ယင်းစစ်ရေး လေ့ကျင့်မှု အတွင်း ကျည်စစ်ကျည်မှန်များကို ပစ်ခတ်စမ်းသပ်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မိုက်ကယ်လိုကီကိုက မတ် ၁၄ ရက်တွင်ပြောသည်။

Exercise Balikatan ဟုအမည်ပေးထားသည့် နှစ်စဉ်ကျင်းပမြဲဖြစ်သော အဆိုပါစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၁၁ ရက်မှ ၂၈ရက်အထိ   ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းရှိ စစ်အခြေစိုက်စခန်းနှင့် ဒေသများ၌ ကျင်းပသွားမည်ဖြစ်ပြီး ယင်းစစ်ရေးလေ့ကျင့်မှုအတွင်း စစ်သည် ၁၇၆၀၀ ခန့်က ၎င်းတို့၏ ရေကြောင်းကာကွယ်ရေးစွမ်းရည်ကို ထုတ်ဖော်ပြသမည်ဖြစ်သည်။ စစ်ရေးလေ့ကျင့်မည့်ဒေသများတွင် ဇမ်ဘေးနှင့် ပါလာဝန်ပြည်နယ်များရှိ ကမ်းရိုးတန်းဒေသများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ရေးလေ့ကျင့်မှုကို ယခုနှစ်တွင်ပထမဆုံးအကြိမ်အဖြစ် မြောက်ပိုင်းရှိပြည်နယ်တစ်ခုဖြစ်သည့် အီလိုကို့စ်ပြည်နယ်တွင်   လုပ်ဆောင်သွားရန်စီစဉ်ထားသည်။

ယခုနှစ်တွင်ကျင်းပမည့် Exercise Balikatan စစ်ရေးလေ့ကျင့်မှုသည်နှစ်နိုင်ငံကြား ၂၀၁၆ ခုနှစ်မှစ၍ လုပ်ဆောင်သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများအနက် အကြီးဆုံးဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ရန်  သြစတြေးလျနိုင်ငံက  စစ်သည် ၁၀၀ ကျော်ကို စေလွှတ် မည်ဖြစ်သည်။ ထို့ပြင်ဂျပန်နိုင်ငံကလည်း လေ့လာသူများအား ယင်းစစ်ရေးလေ့ကျင့်မှုသို့ တက်ရောက်ရန် စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

Ref: ST