ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအတွက် ပိုမိုကောင်းမွန်သည့် စီးပွားရေးဝန်းကျင်ကို ဖော်ဆောင်ပေးမည်ဟု တရုတ်ဝန်ကြီးချုပ် ကတိပြု

ပေကျင်း၊ စီးပွားရေး

ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအတွက် ပိုမိုကောင်းမွန်သည့် စီးပွားရေးဝန်းကျင်ကို ဖော်ဆောင်ပေးမည်ဟု တရုတ်ဝန်ကြီးချုပ် ကတိပြု

နိုင်ငံအတွင်းရှိ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအတွက် ပိုမိုကောင်းမွန်သည့် စီးပွားရေးဝန်းကျင်ကို ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်သစ် လီချင်း က ကတိပြုပြောကြားလိုက်ကြောင်း သိရသည်။

အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ ပုဂ္ဂလိက ကဏ္ဍမှ စီးပွားရေးလုပ်ငန်းရှင်များ ကြီးပွား တိုးတက်ရေးအတွက် ထောက်ပံ့ပေးမည်ဖြစ်ပြီး အစိုးရအဖွဲ့အနေဖြင့်လည်း စီးပွားရေး လုပ်ငန်းရှင်များနှင့် နီးစပ်သည့်ဆက်ဆံရေး ကိုထူထောင်ကြရန် မီဒီယာနှင့် မတ် ၁၃ ရက် တွင် ပထမဆုံးအကြိမ်တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။ ထို့ပြင် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်လည်း စိတ်ဓာတ်၊ ခွန်အားနှင့် ယုံကြည်မှုတို့ဖြင့် ရှေ့သို့တက်လှမ်းနိုင်ရေးအတွက် ဆောင်ရွက်သင့်ကြောင်း လီက ဆက်လက်ပြောကြားသည်။

တရုတ်နည်းပညာ ကုမ္ပဏီကြီးများဖြစ်သည့် Didi နှင့် Alibaba တို့သည် မကြာမီ နှစ်များအတွင်း အစိုးရ၏တင်းကျပ်သည့် စည်းမျဉ်း ကန့်သတ်ချက်များနှင့် ရင်ဆိုင်ခဲ့ရ သည်။ ထို့ကြောင့် လီချင်းအား ဝန်ကြီးချုပ် အဖြစ်ခန့်အပ်လိုက်ခြင်းသည် တရုတ်နိုင်ငံအတွက် အချိန်အခါကောင်းနှင့် ကြုံကြိုက် ခြင်းပင်ဖြစ်သည်ဟု အကဲဖြတ်သူများက ပြောကြားထားကြောင်း သိရသည်။

ထို့ပြင် အစိုးရသည် ယခုနှစ်အတွက် နိုင်ငံ့စီးပွားရေးတိုးတက်မှုနှုန်းမြင့်တက် လာစေရန်နှင့် ပြည်တွင်းဝယ်လိုအားကို မြှင့်တင်ပေးနိုင် ရန် မျှော်မှန်းလျက်ရှိသည်။

Ref: ST