နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြန်လည်ဖြေကြားချက်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး

အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြန်လည်ဖြေကြားချက်

နေပြည်တော်  မတ်  ၁၅

မေး။ ။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို  ၂၆.၁.၂၀၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။  ဥပဒေမှာ ပါတီများမှတ်ပုံတင်ခြင်းဟာ ရက်ပေါင်း ၆၀ လို့ ပြဋ္ဌာန်းထားတာရှိပါတယ်။  ၂၆.၃.၂၀၂၃ ရက်နေ့မှာ ရက်ပေါင်း ၆၀ ပြည့်မှာဖြစ်ပါတယ်။ သတ်မှတ်ရက်ပြည့်ပြီးနောက်ပိုင်းမှာ မှတ်ပုံတင်လို့   ရ၊ မရ သိလိုပါတယ်ခင်ဗျ။

ဖြေ။ ။ ဒီကိစ္စနှင့်ပတ်သက်ပြီး မီဒီယာတော်တော်များများလည်း  မေးကြတာကို တွေ့ရပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ဥပဒေပုဒ်မ၂၅ မှာလည်း ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ နိုင်ငံရေးပါတီအဖြစ်တည်ရှိနေတဲ့ပါတီများဟာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုရင်   ဒီဥပဒေပြဋ္ဌာန်းချက်မှာ ပါတဲ့အတိုင်း ရက် ပေါင်း ၆၀ အတွင်း  ကော်မရှင်သို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ   ပါတီမှတ်ပုံတင် ခွင့်ပြန်လည်လျှောက်ထားရမည်ဆိုပြီး ပါရှိပါတယ်။ နည်းဥပဒေအပိုဒ် ၈ မှာလည်း ပါရှိပြီးဖြစ်ပါတယ်။ ရက်ပေါင်း ၆၀ အတွင်းမှာပဲ မှတ်ပုံတင်ကြေးထပ်မံပေးသွင်းခြင်းမှအပ ဥပဒေပုဒ်မ ၅ ပါပြဋ္ဌာန်းချက်များအတိုင်း ကော်မရှင်သို့  ဥပဒေ၊ နည်းဥပဒေများနှင့်အညီလျှောက်ထားခွင့်ရှိပြီး လျှောက်ထားခြင်းမရှိတဲ့  နိုင်ငံရေးပါတီတွေက အလိုအလျောက်ပျက်ပြယ်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်လို့ပါပြီးဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး  မတ်လ ၂၆ ရက်နေ့မှာ ရက်ပေါင်း ၆၀ ပြည့်မှာဖြစ်ပါတယ်။ သို့သော်  မတ်လ ၂၅ ၊ ၂၆ ၊ ၂၇ ရက်နေ့တွေက ရုံးပိတ်ရက်တွေဖြစ်ပါတယ်။  နည်းဥပဒေ ပုဒ်မ ၂၉ မှာက  နောက်ဆုံးနေ့ရက်အဖြစ် သတ်မှတ်ထားသော နေ့ရက်သည် အများပြည်သူရုံးပိတ်ရက်ဖြစ်ရင်  ရုံးပြန်ဖွင့်သည့်နေ့တွင် အဲဒီကိစ္စကိုနောက်ဆုံးနေ့ရက်အဖြစ် ဆောင်ရွက်ခွင့်ရှိတယ်။ ဆက်လက်တည်ထောင်လိုတဲ့ နိုင်ငံရေးပါတီတွေကရက်ပေါင်း  ၆၀ အတွင်း ကော်မရှင်ကိုပါတီ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားမယ်ဆိုရင် မတ်လ၂၈ ရက်နေ့ နောက်ဆုံးဖြစ်ပါမယ်။ ဒါက ဥပဒေအရပြဋ္ဌာန်းခြင်း ဖြစ်ပါတယ်။     ပါတီကြီးငယ်မဟူ မည်သည့်ပါတီ မဆိုပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်သွားရမှာ    ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကလည်း ပြဋ္ဌာန်းချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။