နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ အရာထမ်း/အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ အရာထမ်း/အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၁၅

 

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ရာထမ်း/အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်ရှိ ဧရာဝတီခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နိုင်ငံခြားရေးဝန်ကြီးဌာနရှိ အရာထမ်း/အမှုထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် သာမက နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်နေသော  အစိုးရအဖွဲ့အစည်း အသီးသီးနှင့်   ဝန်ကြီးဌာနအသီးသီးမှ အရာထမ်း/အမှုထမ်းများ အပါအဝင် ပြင်ပမှ သံတမန်ရေးရာစိတ်ဝင်စားသူများအတွက် လူ့စွမ်းအား အရင်းအမြစ်နှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာကိစ္စများ ဆောင်ရွက်ရန်၊ နိုင်ငံ၏လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တစ်ဖက်တစ်လမ်းမှ သင်တန်းများဖွင့်လှစ်ဆောင်ရွက်ရာတွင် ပုံမှန်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် သင်တန်းများကို ပြန်လည်လေ့လာသုံးသပ်ခြင်းနှင့်  မျက်မှောက်ကာလနှင့်  ကိုက်ညီမှုရှိပြီး ဌာနများတွင်  လိုအပ်သောသင်တန်းများကို လက်တွေ့လုပ်ဆောင်သွားနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းများ   မွမ်းမံဆောင်ရွက်သွားနိုင်ရေး ပြောကြားသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က နိုင်ငံနှင့်ဝန်ကြီးဌာနအတွက်  လုပ်ငန်းတာဝန်များ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အရာထမ်း/အမှုထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများအပြင်   မိမိကိုယ်တိုင် လေ့လာသင်ယူနိုင်ရေး လေ့ကျင့်ပညာပေးခြင်း၊  ယင်းသို့လုပ်ဆောင်နိုင်ရန် လိုအပ်သည်များ ပံ့ပိုးစီစဉ် ဆောင်ရွက်ပေးရန်၊ ပညာရပ်ဆိုင်ရာဗဟုသုတများ ကျယ်ကျယ် ပြန့်ပြန့်လေ့လာနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် ဌာနအလိုက်လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ် ညှိနှိုင်းသွားကြရန်နှင့် လိုအပ်ချက်များကို ဆန်းစစ်ပြီး စီမံဆောင်ရွက်သွားနိုင်ရေးပြောကြားသည်။   ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များမှာကြားသည်။

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။