ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား ရန်ကုန်မြို့တွင်ကျင်းပ

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား ရန်ကုန်မြို့တွင်ကျင်းပ

 

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ စီးပွားရေး နှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  စီးပွားရေးရာဝန်ကြီး စားသုံးသူ ရေးရာကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး  စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးရဲထွဋ်နိုင်နှင့် တာဝန်ရှိသူများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီဌာနနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်နှင့် မြန်မာ့ပြန်ပြည့်မြဲစွမ်းအင်အသင်းမှ တာဝန်ရှိသူများ၊  ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။

ဦးစွာရန်ကုန်တိုင်းဒေသကြီး  အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး    စားသုံးသူရေးရာကော်မတီနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးတို့ ပူးပေါင်း၍  တိုင်းဒေသကြီးအတွင်း  ပြည်သူများ စားသုံးသူအခွင့်အရေး    အပြည့်အဝရရှိ စေရေး၊     ဘေးအန္တရာယ်ကင်းရှင်းသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ   ဈေးကွက်အတွင်း လွတ်လပ်စွာစီးဆင်းနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းများ တိုးတက်နိုင်စေရေး စသည့်လုပ်ငန်းများကို  စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ပံ့ပိုးမှုနှင့်အညီ   တိုင်းဒေသကြီးအတွင်းရှိစားသုံးသူများ အခွင့်အရေးအပြည့်အဝရရှိစေရေး ဆောင်ရွက်ခြင်း၊    နစ်နာဆုံးရှုံးမှုတို့ကို ကုစားပေးနိုင်ရန်  ဥပဒေနှင့်အညီ အသိပညာပေးခြင်း၊ တိုင်ကြားမှုများကို ဖြေရှင်းပေးခြင်း၊   ထုတ်ကုန်များလုံခြုံစိတ်ချစွာရရှိရန်  ဈေးကွက်စောင့်ကြည့် စစ်ဆေးသောလုပ်ငန်းတို့ကို ဆောင်ရွက်  ပေးလျက်ရှိကြောင်း၊   ယနေ့ကျင်းပသည့် ကမ္ဘာ့စားသုံးသူများအခွင့်အရေးများနေ့တွင် စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့ ဆောင်ပုဒ်နှင့်အညီ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသော  ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးရဲထွဋ်နိုင်က   ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်မှ လုပ်ငန်းကော်မတီဝင် ဦးမျိုးချိုနှင့် မြန်မာ့ပြန်ပြည့်မြဲစွမ်းအင်အသင်းမှဥက္ကဋ္ဌ ဦးသန်းဌေးတို့က ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ထို့နောက်   ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပပြီး တာဝန်ရှိသူများက ဆုလက်ဆောင် များချီးမြှင့်ကာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားသည်။

ဓာတ်ပုံ-ရဲထွဋ် ၊ညိမ်းသူ (သတင်းစဉ်)