Bank of China (Hong Kong)(ရန်ကုန်ဘဏ်ခွဲ)နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက်သော AML/CFTဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Bank of China (Hong Kong)(ရန်ကုန်ဘဏ်ခွဲ)နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက်သော AML/CFTဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် မတ် ၁၅

 

AML/CFT ဆိုင်ရာဆွေးနွေးပွဲကို  ယနေ့နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်(နေပြည်တော်) ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ် ဒုတိယဥက္ကဋ္ဌများ၊ ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ Bank of China (Hong Kong)  (ရန်ကုန်ဘဏ်ခွဲ)မှ အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက အာရှ-ပစိဖိတ် ပူးတွဲအဖွဲ့သို့တင်ပြရသည့်  တိုးတက်မှုအစီရင်ခံစာပါ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံ(Action Plan)များ ဆောင်ရွက်ရန် အတွက် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး AML/CFT ဆိုင်ရာကိစ္စ ရပ်များကို  ပြည်ထဲရေးဝန်ကြီးဌာနအပါ အဝင် အခြားသက်ဆိုင်ရာ ဌာနအသီးသီး၏ ကိုယ်စားလှယ်များနှင့်ပူးပေါင်း၍ အစိုးရ၊ Law Enforcement အဖွဲ့များ၊  သတင်းပို့ အဖွဲ့အစည်းများနှင့် ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံအနေဖြင့် AML/CFT ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ပိုမိုထိရောက်စေရန်နှင့် အစိုးရမှ Action Plan အား အကောင်အထည်ဖော် ဆောင်ရွက်မည့် ကတိကဝတ်များပြု၍  ဆောင်ရွက်နေမှုများ၊ BOC မှ AML/CFT ဆိုင်ရာ အတွေ့အကြုံများဖလှယ်ရန်ရည်ရွယ်၍ ဆွေးနွေးပွဲအားကျင်းပခဲ့ခြင်းဖြစ်ကြောင်း  ဆွေးနွေးပြောကြားသည်။

Bank of China (Hong Kong) (ရန်ကုန်ဘဏ်ခွဲ)၏ အမှုဆောင်အရာရှိချုပ် က AML/CFT ဆောင်ရွက်နေမှုများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်သွားမည်ဖြစ် ကြောင်း ဆွေးနွေးသည်။ ဆက်လက်၍ ဘဏ်၏လိုက်နာဆောင်ရွက်ရေးဆိုင်ရာ အရာရှိချုပ်က AML/CFT ဆိုင်ရာ Risk Management အတွက် Internal Control ဆောင်ရွက်ထားရှိမှုများ၊ ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပုံများ၊ FATF ၏အကြံပြု ချက်များကိုပြည့်မီစေရန် ဆောင်ရွက်ချက် များကို ရှင်းလင်းခဲ့ပြီး ဆွေးနွေးပွဲသို့တက် ရောက်လာသူများက  သိရှိလိုသည်များ၊ မရှင်းလင်းသည့်အချက်များမေးမြန်းကြပြီး တာဝန်ရှိသူများက အသေးစိတ်ပြန်လည် ဖြေကြားခဲ့ကြောင်းသိရသည်။