အမေရိကန်၏ ရန်လိုသောပျံသန်းမှုများကို ရုရှားဝေဖန်ရှုတ်ချ

အမေရိကန်၏ ရန်လိုသောပျံသန်းမှုများကို ရုရှားဝေဖန်ရှုတ်ချ

ပင်လယ်နက်အတွင်း အမေရိကန်၏ ဒရုန်းတစ်စင်းပျက်ကျမှုက ရုရှားတိုက်လေယာဉ်ကြောင့်ဟုဆိုကာ နှစ်နိုင်ငံကြား တင်းမာမှုများမြင့်တက်နေစဉ် အမေရိကန်၏ ရန်လိုသောပျံသန်းမှုများကို   ရုရှားက ဝေဖန်ရှုတ်ချလိုက်သည်။

အမေရိကန်အနေနဲ့ မီဒီယာမှာထင်ကြေးပေးပြောဆိုမှုတွေကိုရှောင်ရှားပြီး ရုရှားရဲ့နယ်စပ်ဒေသအနီးမှာ လေယာဉ်ပျံသန်းမှုတွေကို ရပ်တန့်လိမ့်မယ်လို့ မိမိတို့ယူဆပါတယ်ဟု အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အန်နာတိုလီအန်တိုနော့က မတ် ၁၅ ရက်တွင်ပြောသည်။

ထို့ပြင်   အမေရိကန်က မည်သည့်လက်နက်အမျိုးအစားကိုမဆို အသုံးပြုမှုသည် ရန်လိုသောလုပ်ရပ်အဖြစ် သတ်မှတ်ခံရမည်ဖြစ်ကြောင်း ရုရှားသံအမတ်ကြီးက တယ်လီဂရမ်၌ရေးထားသည်။

လက်ရှိ နှစ်နိုင်ငံကြားဆက်ဆံရေးသည် စိတ်ပျက်ဖွယ်ကောင်းသော အနေအထားဖြစ်ပြီး   အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေကြောင်း ရုရှားသမ္မတရုံးကလည်း ထုတ်ပြန်ထားသည်။

မတ် ၁၄ ရက်တွင်ဖြစ်ပွားသောဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်နိုင်ငံကြား အဆင့်မြင့်အရာရှိအဆင့်  တွေ့ဆုံဆွေးနွေးမှုမရှိကြောင်း၊ သို့သော် အပြုသဘောဆောင်သော ဆွေးနွေးမှုအတွက် ကမ်းလှမ်းလာပါက ရုရှားအနေဖြင့်  ငြင်းပယ်သွားမည် မဟုတ်ကြောင်း ရုရှားသမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောသည်။

မတ် ၁၄ ရက်တွင် ပင်လယ်နက်အတွင်း အမေရိကန်၏  ဒရုန်းတစ်စင်းကိုတွေ့ရှိမှုကြောင့် ရုရှားစစ်ဘက်က တိုက်လေယာဉ်များကိုစေလွှတ်ခဲ့သည်။ ထို့နောက် အမေရိကန်၏  MQ-9 Reaper အမျိုးအစား ဒရုန်းပျက်ကျသွားခြင်းဖြစ်သည်။

ယင်းသို့ဒရုန်းပျက်ကျမှုသည် ရုရှားတိုက်လေယာဉ်များ၏ နှောင့်ယှက်မှုကြောင့် ဖြစ်သည်ဟု အမေရိကန်က ပြောထားသော်လည်း   ဒရုန်းအနေဖြင့်  ရုတ်တရက်လှည့်ကွေ့လိုက်ခြင်းကြောင့်သာ   ပန်ကာခိုက်မိသွားခြင်း ဖြစ်ကြောင်း ရုရှားစစ်ဘက်က ထုတ်ပြန်ထားသည်။

Ref: Bangkok Post