ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန၏ (၅၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန၏ (၅၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

နေပြည်တော်   မတ်   ၁၆

    ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏  (၅၁)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ   သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဘိုးဝဇီရခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန်  ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ထူးချွန်ဆုရ ဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ (၅၁)နှစ်တာ ဖြတ်သန်းလာခဲ့သည့် လုပ်ငန်းဆောင်ရွက်မှု  Video Clip  ကို ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကား ပြောကြားရာတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနသည် တိုင်းရင်းသား ပြည်သူများအား   စာပေ ဗဟုသုတ တိုးပွားစေရေးအတွက်  လူထုမီဒီယာမှတစ်ဆင့် စာပေဖွံ့ဖြိုး တိုးတက်မှုကို ဆောင်ရွက်ခြင်းနှင့် နိုင်ငံတော် အဖွဲ့အစည်းများ၏ ပုံနှိပ်ခြင်း ဆိုင်ရာများကို သတ်မှတ်ချက်များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ရည်ရွယ်ချက်များဖြင့်   ဆောင်ရွက်လျက်ရှိသည့်   နိုင်ငံတော်၏ တစ်ခုတည်းသော ပုံနှိပ်ဌာန တစ်ခုဖြစ်ပါကြောင်း။

ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များဖြစ်သည့် ပြည်သူလူထုကို သတင်း အချက်အလက်ပေးရန်၊ အသိပညာပေးရန်နှင့် ဖျော်ဖြေပေးရန် ဆိုသည့် လုပ်ငန်းများကို ဆောင်ရွက်ရာတွင်   ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနအောက်ရှိ   ဌာနခွဲတစ်ခုဖြစ်သည့် စာပေဗိမာန် လုပ်ငန်းသည်လည်း အပါအဝင်ဖြစ်ပါကြောင်း၊ စာပေဗိမာန် ကဏ္ဍများအနေဖြင့် ပြည်သူများ ဗဟုသုတရှိစေမည့် စာအုပ်စာပေများ ထုတ်ဝေခြင်း၊ ရောင်းချခြင်း၊ စာတမ်းဖတ်ပွဲများ ကျင်းပခြင်း၊ စာပေစကားဝိုင်းများ၊ စာပေဆွေးနွေးပွဲ ကျင်းပခြင်းနှင့်အတူ စာပေဆုချီးမြှင့်ခြင်း လုပ်ငန်းများကို    ဆောင်ရွက်လျက်ရှိပါကြောင်း။

နိုင်ငံ့ဝန်ထမ်းကောင်းများ အနေဖြင့် ပြည်သူကို ပေးဆပ်ရမည်ဟု ခံယူပြီး ရိုးသား စွာဖြင့် ပြည်သူ့အတွက် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ဝန်ကြီးဌာန၏  လုပ်ငန်းများကို နောက်တန်းမှ ခံစစ်မှူးကောင်းများသဖွယ် ပံ့ပိုးကူညီနေကြသူများ ဖြစ်ပါကြောင်း၊ (၅၁)နှစ်မြောက် နှစ်ပတ်လည်နေ့တွင်ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနကို  ဂုဏ်ယူစွာဖြင့် အသိအမှတ်ပြုသကဲ့သို့ နောင်တွင်လည်း ဆက်လက်ဂုဏ်ယူရမည့် ဦးစီးဌာန တစ်ခုအဖြစ်  ဆက်လက်ကြိုးစား ဆောင်ရွက် စေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပုံနှိပ်ရေးနှင့်   ထုတ်ဝေရေး ဦးစီးဌာနမှ ဝန်ထမ်း  ၈၆၂ ဦးအတွက် ငွေကျပ် ၈၉ သိန်းတန်ဖိုးရှိ ဝတ်စုံများကို ထောက်ပံ့ပေးအပ်ရာ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်က လက်ခံရယူသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်  (အထက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ (မန္တလေး)မှ ရုံးအုပ်(စီမံ)ဒေါ်မြတ်မွန်ဖြိုးနှင့် စီမံရေးရာဌာနခွဲ နေပြည်တော်(ရုံးချုပ်) မှ အကြီးတန်းစာရေး(စီမံ)ဒေါ်အေးသန္တာဦးတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက်  ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်   ဦးမျိုးမြင့်မောင်က အောင်ဆန်း ပုံနှိပ်စက်ရုံရှိ  ပတ်လည်စက်  Web Offset ( Goss) အား  Black And White ပုံနှိပ်လုပ်ငန်းတွင်  ပြန်လည်အသုံးပြုနိုင်ရန်    ကြိုးစားဆောင်ရွက်ခဲ့သည့် ဝန်ထမ်းသုံးဦးကို လည်းကောင်း၊  ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်က ကျောင်းသုံးဖတ်စာအုပ် လုပ်ငန်းများကို  အချိန်မီ ပြီးစီးအောင် ကြိုးစားဆောင်ရွက်ခဲ့ကြသည့် ဖိုတိုလစ်သို ပုံနှိပ်စက်ရုံနှင့် နေပြည်တော် ပုံနှိပ်စက်ရုံ (ဇေယျာသီရိ)တို့မှ   ဝန်ထမ်း လေးဦးတို့ကို လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက်   ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ပုံနှိပ်ရေးနှင့် ထုတ်ေ၀ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများအား  စက်ဘီးနှစ်စီးနှင့် ငွေသားဆုမဲများကို ပျော်ရွှင်စွာ ကံစမ်းမဲဖောက်ပေးကြပြီး ဆုရရှိသည့် ဝန်ထမ်းများကို ဆုများ ပေးအပ်ကြသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာကို  အတူတကွ သုံးဆောင်ခဲ့ကြသည်။