သြစတြေးလျက ရောဂါသုံးမျိုးအန္တရာယ်နှင့်ပတ်သက်၍သတိပေး
သြစတြေးလျနိုင်ငံ၌ မကြာမီကျရောက်မည့် ဆောင်းတွင်းကာလအတွက် တွေ့ကြုံရနိုင်သည့် ရောဂါသုံးမျိုးအန္တရာယ်နှင့် ပတ်သက်၍ တာဝန်ရှိသူများက သတိပေးချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
မြောက်ကမ္ဘာခြမ်းအတွက်ဆောင်းရာသီကာလအတွင်း ရင်ဆိုင်ခဲ့ရသောရောဂါသုံးမျိုးဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ၊တုပ်ကွေးရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါတို့ကို သြစတြေးလျနိုင်ငံကလည်း ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များကပြောသည်။
ထို့ပြင် အဆိုပါရောဂါသုံးမျိုးနှင့် ရင်ဆိုင်လာရပါက သြစတြေးလျနိုင်ငံ၏ကျန်းမာရေးစနစ်အတွက် ပြဿနာတစ်ရပ် ဖြစ်လာနိုင်ကြောင်း သြစတြေးလျအမျိုးသား တက္ကသိုလ်မှ ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် နစ်ကုတ်စဝေါ့ကပြောသည်။
လူအများစုက အထွေထွေရောဂါကုဆရာဝန်များအပေါ်မှာသာ မှီခိုနေကြရပါတယ်။ ဒီအတွက်ကြောင့် ရောဂါ သုံးမျိုးစုံဖြစ်ပွားလာပြီဆိုရင် အဲဒီဆရာဝန်တွေနဲ့ဆေးခန်းတွေအတွက် အခက်အခဲဖြစ်လာနိုင်ပါတယ်ဟု ၎င်းကဆက်ပြောသည်။
ထို့အတွက် ပြည်သူများအနေဖြင့် တုပ်ကွေးရောဂါကာကွယ်ဆေးများကို ကြိုတင်ထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုလည်း အကြိမ်ရေအပြည့်ထိုးနှံထားရန် တာဝန်ရှိသူများက တိုက်တွန်းထားကြောင်း သိရသည်။
Ref: Xinhua