ဆော်ဒီကလပ် အယ်ဟီလယ်အသင်းက မက်ဆီကို တစ်နှစ်လုပ်ခလစာ စတာလင်ပေါင် ၁၉၄ သန်းဖြင့် ခေါ်ယူရန်ဆွေးနွေးနေ

ဆော်ဒီကလပ် အယ်ဟီလယ်အသင်းက မက်ဆီကို တစ်နှစ်လုပ်ခလစာ စတာလင်ပေါင် ၁၉၄ သန်းဖြင့် ခေါ်ယူရန်ဆွေးနွေးနေ

ဆော်ဒီကလပ် အယ်ဟီလယ်အသင်းက ပီအက်စ်ဂျီအသင်း  တိုက်စစ်ကစားသမားမက်ဆီကို   တစ်နှစ်လုပ်ခလစာ စတာလင်ပေါင် ၁၉၄ သန်းဖြင့်  ခေါ်ယူရန်   ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း   သိရသည်။

မက်ဆီသည် ၂၀၂၁ ခုနှစ်က ဘာစီလိုနာအသင်းမှ ပီအက်စ်ဂျီအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး   ယခုဘောလုံးရာသီအကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ရရှိမည်ဖြစ်သည်။

၂၀၂၂ ခုနှစ်   ဒီဇင်ဘာလအတွင်းက   ဆော်ဒီထိပ်တန်းကလပ်အသင်း တစ်သင်းဖြစ်သည့် အယ်နာဆာအသင်းက   မန်ယူအသင်းနှင့် စာချုပ်ဖျက်သိမ်းပြီးနောက်     ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် စီရော်နယ်ဒိုကို  ခေါ်ယူခဲ့သည်။ ယခုအခါ အယ်ဟီလယ်အသင်းကလည်း   စီရော်နယ်ဒိုနှင့် ပြိုင်ဘက်ကစားသမား တစ်ဦးဖြစ်သည့်   မက်ဆီကိုခေါ်ယူရန် စီစဉ်လာခြင်းဖြစ်သည်။

ပီအက်စ်ဂျီအသင်းက  အစောပိုင်းတွင် မက်ဆီကို  အလွတ်ပြောင်းရွှေ့ကြေးဖြင့်  လက်မလွှတ်လိုသည့် အတွက်   သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ကြိုးပမ်းခဲ့သော်လည်း  လက်ရှိအချိန်ထိ  ချုပ်ဆိုနိုင်ခြင်းမရှိ သေးဘဲ  ချန်ပီယံလိဂ်ပြိုင်ပွဲတွင်  ၁၆ သင်းရှုံးထွက် အဆင့်မှပင်ထွက်ခွာခဲ့ရပြီးနောက် ပီအက်စ်ဂျီအသင်းက  ယခုဘောလုံးရာသီတွင်  နေမာနှင့်အတူ မက်ဆီကိုပါ လက်လွှတ်ဖွယ်ရှိနေသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မက်ဆီ၏အေးဂျင့် အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဖခင်ဖြစ်သူ ဂျော့မက်ဆီသည်     ဆော်ဒီနိုင်ငံ    ရီယက်မြို့သို့ သွားရောက်ကာ အယ်ဟီလယ်အသင်းမှ တာဝန်ရှိသူများနှင့်   တွေ့ဆုံမှုပြုလုပ်ခဲ့သည်ဟု   သတင်းများ ထွက်ပေါ်လာခြင်းဖြစ်ပြီး မြင့်မားသည့် လုပ်ခလစာ ဖြစ်သည့် တစ်နှစ်လုပ်ခလစာစတာလင်ပေါင် ၁၉၄ သန်းကြောင့် မက်ဆီကိုယ်တိုင်ကလည်း ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သိရသည်။

Ref;ESPN