ဥတ္တရသီရိမြို့နယ် ရေအသုံးချသူတောင်သူ (WUG)အဖွဲ့များနှင့်တွေ့ဆုံ

နေပြည်တော်၊ လူမှုရေး

ဥတ္တရသီရိမြို့နယ် ရေအသုံးချသူတောင်သူ (WUG)အဖွဲ့များနှင့်တွေ့ဆုံ

ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (နေပြည်တော်)မှ ရေအသုံးချသူ တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို မတ် ၁၅ ရက် မွန်းလွဲ ၂ နာရီတွင် ဥတ္တရသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်က ဥတ္တရသီရိမြို့နယ်အနေဖြင့် တောင်ပြို တမံရေသောက်စနစ်နှင့် ဆင်လူးငန်းစပ်ကန်ရေသောက်စနစ်တို့တွင် မြောင်းအလိုက်ဖွဲ့စည်းထားသော  ရေအသုံးချသူ တောင်သူ  (WUG) ခြောက်ဖွဲ့တွင် ပါဝင်သော အဖွဲ့ဝင်တောင်သူ ၁၀၉ ဦးတို့၏စည်းလုံးညီညွတ်မှု၊ ပူးပေါင်းပါဝင်မှုတို့ကြောင့်   ၂၀၂၂-၂၀၂၃  ခုနှစ် မိုးစပါးလျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဆောင်းသီးနှံအနေဖြင့်လည်း ဆည်ရေသောက်ဧရိယာအတွင်း ၁၈၅ ဧကစိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဆင်လူးငန်းစပ်ကန်ရေသောက်စနစ်တွင် နွေစပါးဧက ၆၀စိုက်ပျိုးရန် လျာထားရာ ဧက ၇၀ အထိ ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ် ရေအသုံးချသူများအဖွဲ့မှ မိမိတို့၏လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် တာဝန်ရှိသူများက လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးကြောင်း သိရသည်။

တင်ဆန်းဦး