မြိတ်ဒေသထွက် ကဏန်းမည်းများ မတ်လဆန်းပိုင်းမှစ၍ ဈေးကောင်းရရှိနေ

မြိတ်ဒေသထွက် ကဏန်းမည်းများ မတ်လဆန်းပိုင်းမှစ၍ ဈေးကောင်းရရှိနေ

မြိတ်၊ ရေထွက်ကုန်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ဒေသမှ ထွက်ရှိသော ကဏန်းမည်းများ မတ်လ ဆန်းပိုင်းမှစ၍ ဈေးကောင်းရရှိနေကြောင်း ဒေသခံ  ကဏန်းဖမ်းလုပ်ငန်းလုပ်ကိုင်သူများ၏ပြောပြချက်အရ သိရသည်။

“အရင်နှစ်က  ကဏန်းမည်း (ဆိုဒ်စုံ) တစ်ပိဿာကို ငွေကျပ် ၁၃၀၀၀ ဝန်းကျင် ရှိခဲ့ရာကနေ  ဒီဇင်ဘာလလယ်လောက်က စပြီး   တစ်ပိဿာကို  ငွေကျပ်  ၁၀၀၀၀ အထိ ဈေးကျခဲ့တယ်။  အဲဒီနောက်ပိုင်း ဖေဖော်ဝါရီလမှာ ဈေးပြန်တက်လာပြီး မတ်လဆန်းပိုင်း ကစပြီး တစ်ပိဿာကို ငွေကျပ် ၁၇၀၀၀ ရရှိနေပါတယ်။ ဒါပေမဲ့ ကဏန်းဈေးကောင်းရနေလည်း  ကဏန်း ဖမ်းယူရရှိမှုနည်းနေတယ်” ဟု ကဏန်းဖမ်း လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်း ကဏန်း မည်းတစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀၀ အထိ ဈေးကောင်းရရှိနေပြီး ကဏန်းမည်း ဖမ်းလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ကဏန်းရရှိမှုပေါ်မူတည်ကာ အနည်းဆုံး ငွေကျပ်လေးသိန်းမှ အများဆုံး ငွေကျပ်  ခြောက်သိန်းခန့် ရရှိကြောင်း သိရသည်။

အဆိုပါကဏန်းမည်းများကို မြိတ်ဒေသ၌ သစ်သားခွံစက်တပ်လှေငယ်များဖြင့် မြစ်၊ ချောင်းများအတွင်း ဒီရေတက်သည့် အချိန် သံမြှုံးများဖြင့် ဖမ်းယူခြင်းဖြစ်သည်။

မြိတ်ဒေသမှထွက်ရှိသည့် ကဏန်းမည်း အပါအဝင် ရေထွက်ကုန်တချို့ကို ထိုင်း နိုင်ငံသို့ တင်ပို့ရောင်းချလေ့ရှိကြောင်း နှင့် လက်ရှိ  ကဏန်းမည်းဈေးကောင်းရရှိနေခြင်းမှာ ဖမ်းယူရရှိမှုနည်းပါးနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

 စောယု