မြန်မာနိုင်ငံရှိ သံသတ္တုရိုင်းထွက်ရှိရာ ဒေသများနှင့် အသုံးပြုနိုင်သည့် သံနှင့်သံမဏိ ထုတ်လုပ်သည့် နည်းစဉ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သစ်/ဝါး ပေါက်ရောက်မှု အခြေအနေများပေါ် မူတည်၍ ပျော့ဖတ်စက်ရုံများ တည်ထောင်နိုင်ရေး ဆွေးနွေး

မြန်မာနိုင်ငံရှိ သံသတ္တုရိုင်းထွက်ရှိရာ ဒေသများနှင့် အသုံးပြုနိုင်သည့် သံနှင့်သံမဏိ ထုတ်လုပ်သည့် နည်းစဉ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သစ်/ဝါး ပေါက်ရောက်မှု အခြေအနေများပေါ် မူတည်၍ ပျော့ဖတ်စက်ရုံများ တည်ထောင်နိုင်ရေး ဆွေးနွေး

နေပြည်တော်  မတ်  ၁၆

    မြန်မာနိုင်ငံရှိ သံသတ္တုရိုင်းထွက်ရှိရာ ဒေသများနှင့် အသုံးပြုနိုင်သည့် သံနှင့်သံမဏိ ထုတ်လုပ်သည့် နည်းစဉ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်  သစ်/ဝါးပေါက်ရောက်မှု အခြေအနေများအပေါ် မူတည်၍ ပျော့ဖတ်စက်ရုံများ တည်ထောင်နိုင်ရေးတို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယခုအချိန်တွင် မြန်မာနိုင်ငံ၏ သံနှင့်သံမဏိ ထုတ်လုပ်မှု လုပ်ငန်းသည် နိုင်ငံပိုင် အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနတွင် စက်ရုံတစ်ရုံ၊ စက်မှုဝန်ကြီးဌာနတွင် စက်ရုံနှစ်ရုံနှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းတွင် စက်ရုံသုံးရုံရှိကြောင်း၊   ပုဂ္ဂလိကအနေဖြင့် ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်တို့တွင် ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင်ပြုလုပ်ထားသည့် သံရည်ကျို လုပ်ငန်းပေါင်း ၃၆၂ ခုတို့ဖြင့် မြန်မာနိုင်ငံ၏ သံနှင့်သံမဏိ လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး သံနှင့်သံမဏိ ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံတော်အကြီးအကဲ၏ အားပေး ဆောင်ရွက်ပေးမှုဖြင့် အမှတ်(၁)သံမဏိ စက်ရုံ(မြင်းခြံ)ရှိ သံရည်ကျို အလုပ်ရုံ (Melt Shop-1)ကို ယခုလအတွင်း ပြန်လည် လည်ပတ်၍ သံမဏိလေးထောင့်တုံး (Steel Billet)) ထုတ်လုပ်နိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)တွင် သံသတ္တုရိုင်းမှ သံစိမ်းထုတ်လုပ်ခြင်း လုပ်ငန်းကို ၂၀၂၃- ၂၀၂၄  ဘဏ္ဍာနှစ်တွင်  စတင်လည်ပတ် နိုင်ရေး     ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ်သံမဏိ တန်ချိန် သုံးသန်းခန့် လိုအပ်သော်လည်း ပြည်တွင်း၌ တစ်နှစ်လျှင် တစ်သန်းခန့်သာ ထုတ်လုပ်နိုင်သည့် အတွက် သံမဏိတန်ချိန် နှစ်သန်းခန့်ကို ပြည်ပမှ နိုင်ငံခြားငွေ ၁ ဘီလီယံကျော်ခန့် သုံးစွဲ၍ တင်သွင်းနေရကြောင်း၊ ထို့ကြောင့် သံနှင့်သံမဏိ ထုတ်လုပ်သည့် နည်းစဉ်များနှင့် ပတ်သက်၍ လေ့လာသိရှိထားသည်များကို အကြံပြု ဆွေးနွေးပေးပါရန် ဖိတ်ခေါ်ကြောင်း။

ပျော့ဖတ်စက်ရုံများ တည်ထောင်နိုင်ရေးနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် သစ်/ဝါး ပေါက်ရောက်မှု အခြေအနေအပေါ် မူတည်ပြီး ပျော့ဖတ်စက်ရုံများကို ဝါး/သစ် ကုန်ကြမ်းများ လွယ်လွယ်ကူကူနှင့် သယ်ယူထုတ်လုပ်နိုင်သည့် နေရာများ၊ ရေအရင်းအမြစ် အလွယ်တကူရရှိနိုင်မည့် နေရာများတွင် တည်ဆောက်ရမည် ဖြစ်ကြောင်း၊ စက်ရုံမှထွက်ရှိမည့် စွန့်ပစ်ရေများကို သန့်စင်ပြီး စနစ်တကျပြန်လည် စွန့်ထုတ်ရန် လိုအပ်သည့်အတွက် စက်ရုံ တည်ဆောက်ရန် မြေနေရာ ရွေးချယ်မှုသည် အရေးကြီးကြောင်း၊ လိုအပ်သည့် ကုန်ကြမ်းများရရှိနိုင်ရေး လွယ်ကူလက်လှမ်းမီသည့် နေရာများနှင့် ရေ၊ လျှပ်စစ်ဓာတ်အား၊ လောင်စာအရင်းအမြစ်များ ရရှိနိုင်ရန် လွယ်ကူသည့် နေရာများတွင် ရွေးချယ်ပြီး ပျော့ဖတ်စက်ရုံများ တည်ထောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက စက္ကူစက်ရုံနှင့် ပျော့ဖတ်စက်ရုံများ တည်ဆောက် နိုင်ရေးအတွက် မြန်မာနိုင်ငံတွင် စာရင်းကောက်ယူထားသည့် ဝါးထွက်ရှိမှု ဧရိယာ ဧကအနေဖြင့်  ၆၉ ဒသမ ၆ သန်းရှိကြောင်း၊ တစ်နှစ်လျှင် ဝါးအလုံးရေ ၂၆၅ သန်း ထုတ်လုပ်နိုင်မည်ဖြစ်သော်လည်း ၁၄၅ သန်းလုံးသာ ထုတ်လုပ် သုံးစွဲနေသည်ကို တွေ့ရှိရကြောင်း၊ ဝါးပေါက်ရောက်မှုဧရိယာ စာရင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူနိုင်မှု မရှိသေးသဖြင့် ဝါးအလုံးရေ ၂၆၅ သန်းထက် ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် တင်ဒါစနစ်ဖြင့် သစ်တောစိုက်ခင်းများ တည်ထောင်နိုင်ရန် တောနိမ့်၊ တောပါးဧရိယာ ၃ ဒသမ ၆၅သန်း ဧကရှိသည့်အတွက် စက္ကူစက်ရုံများ တည်ဆောက်နိုင်ရန်အတွက် ကုန်ကြမ်းများ လုံလောက်မှုရှိကြောင်း၊ စိုက်ခင်းများ တည်ထောင် စိုက်ပျိုးရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သံမဏိစက်ရုံများ တည်ဆောက်နိုင်ရေးနှင့် စက္ကူနှင့် ပျော့ဖတ်စက်ရုံများ တည်ဆောက်နိုင်ရေး အတွက် စက်မှုဝန်ကြီးဌာန၏ လိုအပ်ချက်များကို အစွမ်းကုန်ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် စက်မှုဝန်ကြီးဌာန အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံရှိ  သံသတ္တုရိုင်း ထွက်ရှိရာဒေသများ၊ အသုံးပြုနိုင်သည့် သံနှင့်သံမဏိ ထုတ်လုပ်သည့် နည်းစဉ်များနှင့် သံမဏိစက်ရုံများ တည်ထောင်ဆောင်ရွက် သွားရန် ဆောင်ရွက်နိုင်မည့် အခြေအနေများကို လည်းကောင်း၊ အမှတ်(၃)အကြီးစားစက်မှု လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ပျော့ဖတ်စက်ရုံများ တည်ဆောက်နိုင်ရန် အတွက် အခြေခံ လိုအပ်သောကုန်ကြမ်းများ၊ အရင်းအမြစ်များကို လည်းကောင်း၊ ဌာနဆိုင်ရာ အရာရှိကြီးများက သံမဏိစက်ရုံ၊ စက္ကူနှင့်ပျော့ဖတ် စက်ရုံများ တည်ဆောက်နိုင်ရေး အတွက် မြန်မာနိုင်ငံတွင် သစ်တောသယံဇာတနှင့် တွင်းထွက်သယံဇာတများ ထွက်ရှိမှု အခြေအနေကို လည်းကောင်း ရှင်းလင်းတင်ပြ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။