ဆုတောင်းပြည့်ဘုရားစုကျေးရွာရှိ ရှေးဟောင်းဆုတောင်းပြည့်စေတီတော်မြတ်ကြီး ရွှေထီးတော်အသစ် တင်လှူပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် တက်ရောက်ကြည်ညို

ဆုတောင်းပြည့်ဘုရားစုကျေးရွာရှိ ရှေးဟောင်းဆုတောင်းပြည့်စေတီတော်မြတ်ကြီး ရွှေထီးတော်အသစ် တင်လှူပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် တက်ရောက်ကြည်ညို

ပန်းတနော်  မတ်  ၁၇

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ဆုတောင်းပြည့်ကျေးရွာ အုပ်စု  ဆုတောင်းပြည့်ဘုရားစု ကျေးရွာရှိ ဘုရားကုန်းကျောင်းတိုက်အတွင်း တည်ထား သောရှေးဟောင်း ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ကျင်းပရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် တက်ရောက် ကြည်ညိုသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အလှူရှင် ဒါယကာ၊ ဒါယိကာမများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ  သံဃာတော်အရှင်သူမြတ်များက  ရွှေထီးတော်ကို မဟာပဏာမ နမော တဿဂါထာတော်မြတ်နှင့် မေတ္တသုတ် ပရိတ်တော်မြတ်များ ရွတ်ပွားပူဇော်ပြီး အမွှေးနံ့သာရည်ဖြင့် ပူဇော်ကာ  ဒါကာ၊ ဒါယိကာမများက ဒေဝါဝင်း၊ ရာဇာဝင်းများခြံရံလျက်  ဆုတောင်းပြည့်စေတီတော်မြတ်ကြီးကို လက်ယာရစ်လှည့်လည်ပူဇော်သည်။

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊  အလှူရှင်များက  ရွှေထီးတော်ဘုံအဆင့်နှင့် ငှက်မြတ်နားတော် စိန်ဖူးတော်တို့ကို စေတီတော်အထွတ်သို့  မင်္ဂလာပန်းရထားဖြင့် တင်လှူပူဇော်ကြသည်။

ယင်းနောက်   ဆရာတော် သံဃာတော်များက ဗုဒ္ဓါဘိသေက ဥဒါနမင်္ဂလာဂါထာ တော်များ ရွတ်ပွားပူဇော်ကြပြီး ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ဆက်လက်၍ ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပရာ   ဧည့်သည်တော်များက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်   ပခန်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာသာမိထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ဆရာတော် သံဃာတော်များထံ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍  အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။