နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ (၂/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကျင်းပ

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ (၂/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော်  မတ်  ၁၇

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏   (၂/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်   ကော်မတီဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က   နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၄၀၀ ဘီလီယံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ငွေကျပ် ၂၃၀ ဘီလီယံ၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သို့ ငွေကျပ် ၁၀ ဘီလီယံစီ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သို့ ငွေကျပ် ၈ ဘီလီယံစီနှင့်    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  စီမံအုပ်ချုပ်ရေးအဖွဲ့ခြောက်ခုတို့သို့ ငွေကျပ် ၅ ဘီလီယံစီဖြင့် စုစုပေါင်းရန်ပုံငွေ ကျပ် ဘီလီယံ ၃၃၀ ကို မတည်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း။

လွန်ခဲ့သည့် နှစ်လတာကာလအတွင်း တိုင်းဒေသကြီး/ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ     တိုင်း/ဒေသ များတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်     လုပ်ငန်းများသို့ ကော်မတီ၏ သက်ဆိုင်ရာတာဝန်ရှိသူများက   သွားရောက်စစ်ဆေး ကြီးကြပ်ပေးခဲ့ကြောင်း။

ယခုအခါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၏  လက်ကျန်ငွေကျပ် ၇၀ ဘီလီယံမှ ဆီစက်လုပ်ငန်းများ    ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေထူထောင်နိုင်ရေးအတွက် ငွေကျပ် ၅၀ ဘီလီယံနှင့်   မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ငွေကျပ် ၂၀ ဘီလီယံသတ်မှတ်ပေးထားကြောင်း၊ ထို့ပြင် ချေးငွေထပ်မံ လိုအပ်သည့်လုပ်ငန်းများသို့ တိုးမြှင့်ထုတ်ချေးနိုင်ရေးအတွက် ရန်ပုံငွေ တိုးမြှင့်ရရှိနိုင်မည့်နည်းလမ်းများကိုလည်း ရှာဖွေဖော်ထုတ်လျက်ရှိကြောင်း။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက် စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်  အဓိကသုံးစွဲစေလိုခြင်းဖြစ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရန်ပုံငွေအား    လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျထုတ်ပေးခြင်း၊ ပြန်လည်ကောက်ခံခြင်းတို့ကို ကြပ်မတ် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း။

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားတိုးမြင့်လာရေးကို ဘက်ပေါင်းစုံမှ ထောက်ပံ့ကူညီပေးလျက်ရှိရာ   သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်က ရန်ပုံငွေမှထုတ်ပေးထားသည့် အရင်းမပျောက်မတည်ငွေများကို မပျောက်ပျက်စေဘဲ  တိုးပွားလာစေရန်နှင့် အကျိုးရှိစွာ  စနစ်တကျအသုံးချနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊    ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများနှင့် ကော်မတီအဖွဲ့ဝင်များက  သက်ဆိုင်ရာကဏ္ဍအလိုက် တွေ့ရှိချက်၊ လိုအပ်ချက်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။