ပူတာအိုခရိုင်အတွင်း တောင်ပေါ်နှင့် လျှိုမြောင်ချိုင့်ဝှမ်းများတွင် ကျက်စားလျက်ရှိသော သားမင်းမျိုးစိတ်များ မျိုးသုဉ်းမှုမဖြစ်ပေါ်စေရေး ဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်

ပူတာအိုခရိုင်အတွင်း တောင်ပေါ်နှင့် လျှိုမြောင်ချိုင့်ဝှမ်းများတွင် ကျက်စားလျက်ရှိသော သားမင်းမျိုးစိတ်များ မျိုးသုဉ်းမှုမဖြစ်ပေါ်စေရေး ဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ ဆီးနှင်းဖုံးလွှမ်းသည့် တောင်ပေါ်မြက်ခင်း တောနှင့် အပင်များထူထပ်စွာပေါက်ရောက် လျက်ရှိသော လျှိုမြောင်ချိုင့်ဝှမ်းများတွင် အုပ်စုလိုက်ကျက်စားသည့်     သားမင်း မျိုးစိတ်များ  မျိုးသုဉ်းမှုမဖြစ်ပေါ်စေရေး ဝိုင်းဝန်းထိန်းသိမ်းရန်    လိုအပ်ကြောင်း ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တောအုပ်ကြီး  သုတေသနနှင့်   ပညာပေးလုပ်ငန်းတာဝန်ခံ   ဒေါ်အယ်လ်ကေစီယွန်၏ ပြောဆိုချက်အရ သိရသည်။

သားမင်းမျိုးစိတ်များသည်    ဟိမဝန္တာအရှေ့ဘက်ခြမ်းရှိ အမြင့်ပေ ၃၃၀၀ ကျော်နှင့် ၁၅၀၀၀ ကြားတွင် နေထိုင်ကျက်စားလေ့ရှိပြီး အုပ်စုတစ်အုပ်စုတွင် အကောင်ရေ  ၂၀  ခန့်မှ  ၃၀၀ ခန့်အထိ အုပ်စုလိုက်ကျက်စားသော    နို့တိုက်သတ္တဝါများဖြစ်သည်။ ၎င်းတို့သည်  ဆီးနှင်းဖုံးလွှမ်းသော ဆောင်းတွင်း ကာလများတွင် အပင်များ ထူထပ်စွာ ပေါက်ရောက်သည့် မြေနိမ့်ပိုင်းသို့  ပြောင်းရွှေ့ကျက်စားတတ်ပြီး  ရာသီအလိုက်ပြောင်းရွှေ့ကျက်စားသည့် သတ္တဝါများဖြစ်သည်။

သားမင်းမျိုးစိတ်များသည်   သစ်ရွက်များ၊ မြက်များ၊ ဝါးမျှစ်နှင့် ပန်းပွင့်များကို စားသောက်သော အရွက်စားသတ္တဝါမျိုး ဖြစ်ပြီး အပင်များ ထူထပ်စွာ ပေါက်ရောက်လျက်ရှိသော တောင်စောင်းတစ်လျှောက် နှင့် ဆားတွင်းများ တည်ရှိရာနေရာများ တွင် နေထိုင်ကျက်စားခြင်းကို ပို၍နှစ်သက်ကြသည်။

ကမ္ဘာပေါ်တွင်    Bhutan   Takin၊ Mishmi Takin၊ Sichuan Takin နှင့် Golden Takin ဟူ၍  သားမင်းမျိုးစိတ်လေးမျိုးရှိပြီး  မြန်မာနိုင်ငံတွင်  တွေ့ရှိရသော   Mishmi Takin (Budorcas taxicolor)ဖြစ်သည်။

အဆိုပါ သားမင်းမျိုးစိတ်များကို  ဘူလ်တန်၊ တရုတ်၊ အိန္ဒိယနှင့်  မြန်မာနိုင်ငံတို့တွင် တွေ့ရှိရပြီး သားမင်း၊ ပန်ဒါနီ၊ ရေခဲတောင်ဆိတ်၊ မိုနာရစ်၊ ဇာမဏီရစ်၊ လည်ပင်းနီအောက်ချင်းငှက်များသည် ပူတာအိုခရိုင်  ခါကာဘိုရာဇီဒေသ၏ အထင်ကရမျိုးစိတ်များဖြစ်သောကြောင့်  ယင်းမျိုးစိတ်များအား  အမဲလိုက်ခြင်းကို   ရှောင်ကြဉ်သင့်ကြောင်း၊ ခရီးသွားများအနေဖြင့်လည်း ရှားပါးသည့် တိရစ္ဆာန်များ၏ အစိတ်အပိုင်းများ  ဝယ်ယူခြင်းတို့ကို  ရှောင်ကြဉ်ကြရန် လိုအပ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)