ဘယ်ဂျီယံနိုင်ငံက ဗုဒ္ဓဘာသာကို တရားဝင်အသိအမှတ်ပြုသည့် ဒုတိယမြောက် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်လာ

ဘယ်ဂျီယံနိုင်ငံက ဗုဒ္ဓဘာသာကို တရားဝင်အသိအမှတ်ပြုသည့် ဒုတိယမြောက် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်လာ

ဘယ်ဂျီယံဗဟိုအစိုးရက မတ် ၁၇ ရက်တွင် ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုလိုက်ပြီးနောက်   ထိုနိုင်ငံအနေဖြင့်  ဗုဒ္ဓဘာသာကို တရားဝင်အသိအမှတ်ပြုသည့် ဒုတိယမြောက်ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥပဒေကိုအတည်ပြုလိုက်ခြင်းကြောင့် ဘယ်ဂျီယံအစိုးရသည် ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ တရားဝင်ထောက်ပံ့မှုများ၊ တရားဝင်ကိုယ်စားလှယ်ခန့်ထားမှုများနှင့် စာသင်ကျောင်းများဖွင့်လှစ်ခွင့်များကို ပေးသွားရတော့မည်ဖြစ်သည်။

အစိုးရက ဥပဒေကြမ်းကိုအတည်ပြုမှုကြောင့် ဗုဒ္ဓဘာသာဝင်များသမဂ္ဂအနေဖြင့် ယူရို ၁ ဒသမ ၂ သန်းအထိ ထောက်ပံ့ငွေ ရရှိမည်ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်အင်အား တစ်သိန်းခွဲခန့်ရှိသည့် ဘယ်ဂျီယံနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များသမဂ္ဂက အစိုးရအနေဖြင့် ဗုဒ္ဓဘာသာကို တရားဝင်အသိအမှတ်ပြုပေးရန် ၂၀၀၆ ခုနှစ် မတ်လကတည်းက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဗုဒ္ဓဘာသာကိုတရားဝင်အသိအမှတ်ပြုသည့် နောက်ထပ်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံမှာ သြစတြီးယားနိုင်ငံဖြစ်သည်။

ယခုအခါ အစိုးရကအတည်ပြုလိုက်သောဥပဒေကြမ်းကို လွှတ်တော်ကအတည်ပြုပါက ဗုဒ္ဓဘာသာဝင်များ သမဂ္ဂအနေဖြင့် ဒေသအသီးသီးတွင် အဖွဲ့ခွဲများဖွဲ့စည်းခွင့်လည်း ရရှိမည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ ပြည်နယ်များအားလုံးနှင့် ဘရပ်ဆဲဒေသတို့အနေဖြင့် သက်ဆိုင်ရာဒေသအသီးသီးရှိ ဗုဒ္ဓဘာသာ စင်တာများကို ငွေကြေးထောက်ပံ့မှုများ ပေးသွားရမည်ဖြစ်ကြောင်း သိရသည်။

Ref: TST