တရုတ်က ၂၀၂၂ ခုနှစ်အတွက် သိပ္ပံဆိုင်ရာ တိုးတက်မှု ၁၀ ခုကို ထုတ်ပြန်

တရုတ်က ၂၀၂၂ ခုနှစ်အတွက် သိပ္ပံဆိုင်ရာ တိုးတက်မှု ၁၀ ခုကို ထုတ်ပြန်

တရုတ်သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်အတွက် ပြည်တွင်းမှ သိပ္ပံဆိုင်ရာတိုးတက်မှု ၁၀ ခုကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါသိပ္ပံဆိုင်ရာ တိုးတက်မှု   ၁၀ ခုအနက် ပထမဆုံးတိုးတက်မှုမှာ အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် Zhurong ၏ရေဒါက ပေးပို့လိုက်သည့်   အင်္ဂါဂြိုဟ်မျက်နှာပြင်ဖွဲ့စည်းမှုပုံစံဖြစ်သည်။

ထိုယာဉ်၏ လေ့လာမှုကြောင့် အင်္ဂါဂြိုဟ်မြေအောက်ရှိ ဖွဲ့စည်းမှုပုံစံများကို သာမက ရေတည်ရှိမှု၏ သက်သေကိုလည်း  ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။

ဒုတိယနေရာတွင်ရှိသည့် သိပ္ပံဆိုင်ရာ တိုးတက်မှုမှာ   FAST  အမည်ရှိ  ရေဒီယိုတယ်လီစကုပ်က လှုပ်ရှားမှုရှိသော၊ အကြိမ်ကြိမ်ဖြစ်ပေါ်သော၊ လျင်မြန်သော ရေဒီယိုလှိုင်းနှုန်းများကို ရှာဖွေတွေ့ရှိမှုဖြစ်သည်။

ထိုသို့ရှာဖွေတွေ့ရှိမှုကြောင့် ဆန်းကြယ်သော ရေဒီယိုလှိုင်းများ၏  မူလဇာစ်မြစ်ကို ဖော်ထုတ်ရန်   အခြေခံအုတ်မြစ်တစ်ခုကို ချမှတ်ပေးလိုက်နိုင်သည်။

ပင်လယ်ရေမှ ဟိုက်ဒရိုဂျင်ကိုတိုက်ရိုက် ထုတ်ယူနိုင်သည့် အခြေခံ သဘောတရားနှင့် နည်းပညာကို ဖော်ထုတ်နိုင်မှုက  တတိယမြောက် သိပ္ပံဆိုင်ရာ တိုးတက်မှုဖြစ်သည်။

အဆိုပါနည်းပညာကိုဖော်ထုတ်နိုင်ခြင်းက သိပ္ပံနယ်ပယ်အတွင်း နှစ်ပေါင်းများစွာကြာ ဖြေရှင်းနိုင်ခြင်းမရှိသည့်   ပုစ္ဆာတစ်ပုဒ်ကို အဖြေထုတ်လိုက်နိုင်ခြင်းပင်ဖြစ်သည်။

အခြားသောသိပ္ပံဆိုင်ရာ တိုးတက်မှုများတွင် မျိုးကွဲ ကိုဗစ်-၁၉ ရောဂါပိုးများနှင့် ကိုယ်ခံအားစနစ်ကို ရှောင်လွှဲနိုင်သည့် အင်္ဂါအစိတ်အပိုင်းများကို သုတေသနပြုမှု၊ စွမ်းဆောင်ရည်မြင့်မားသည့် ပါရော့စကိုက် ဆိုလာပြားများကို ဖန်တီးနိုင်မှု အစရှိသည်တို့ ပါဝင်ကြောင်း သိရသည်။