ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်များ မဲခွဲမှုအပြီးတွင် မန်စီးတီးအသင်းနှင့် ဘိုင်ယန်မြူးနစ် အသင်းတို့ ထိပ်တိုက်တွေ့ဆုံ

ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်များ  မဲခွဲမှုအပြီးတွင် မန်စီးတီးအသင်းနှင့် ဘိုင်ယန်မြူးနစ် အသင်းတို့ ထိပ်တိုက်တွေ့ဆုံ

    ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်များ မဲခွဲမှုအပြီးတွင် ချန်ပီယံဆုအတွက် ရေပန်းစားသည့် အသင်းများတွင် ပါဝင်နေသည့် မန်စီးတီးအသင်းနှင့်  ဘိုင်ယန်မြူးနစ်အသင်းတို့  ကွာတားဖိုင်နယ် အဆင့်တွင်ပင် ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး စီးရီးအေ ကလပ်အသင်းများအနေဖြင့် ဗိုလ်လုပွဲ တက်ရောက်ရန် အခြေအနေကောင်းများ ပိုင်ဆိုင်လာခဲ့ကြောင်း သိရသည်။

ချန်ပီယံလိဂ်ပြိုင်ပွဲ  ကွာတားဖိုင်နယ်အဆင့်သို့ အီတလီကလပ် အသင်းများက   အများဆုံးအဖြစ် နာပိုလီအသင်း၊ အေစီမီလန်အသင်းနှင့် အင်တာမီလန် အသင်းသုံးသင်းနှင့် အတူ ဘိုင်ယန်မြူးနစ်အသင်း၊  ချယ်လ်ဆီးအသင်း၊  မန်စီးတီးအသင်း  ဘင်ဖီကာအသင်းနှင့် လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ် အသင်းတို့ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲ   ကွာတားဖိုင်နယ်အဆင့်အတွက် မဲခွဲမှုအပြီးတွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် မန်စီးတီးအသင်း၊ လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းနှင့် ချယ်လ်ဆီးအသင်း၊ ဘင်ဖီကာအသင်းနှင့် အင်တာမီလန်အသင်း၊ အေစီမီလန်အသင်းနှင့် နာပိုလီအသင်းတို့ အသီးသီးထိပ်တိုက် တွေ့ဆုံခဲ့ကြသည်။

မန်စီးတီးအသင်းနှင့် ဘိုင်ယန်မြူးနစ် အသင်းတို့  ယခုဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချန်ပီယံ ဆုဆွတ်ခူးရန် ရေပန်းအစားဆုံး အသင်းနှစ်သင်း အဖြစ်ရပ်တည်နေပြီး    ဥရောပအဆင့်ပြိုင်ပွဲတွင် ခြောက်ကြိမ်တွေ့ဆုံဖူးကာ  ဘိုင်ယန်မြူးနစ်အသင်းက   သုံးကြိမ်အနိုင်ရရှိခဲ့ပြီး  မန်စီးတီးအသင်းက သုံးကြိမ် အနိုင်ရရှိခဲ့သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ပထမ အကျော့ပွဲစဉ်များကို ဧပြီ ၁၂ ရက်နှင့် ၁၃ ရက်၊ ဒုတိယအကျော့ ပွဲစဉ်များကို ဧပြီ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင်  ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း  သိရသည်။