မဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော် ရရှိတော်မူသော ရွှေဥက္ကလာဆရာတော် ဒေါက်တာ ဘဒ္ဒန္တစိန္တာမယ ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်

ရန်ကုန်  မတ်  ၁၉

မဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော် ရရှိတော်မူသော ရွှေဥက္ကလာဆရာတော် ဒေါက်တာ ဘဒ္ဒန္တစိန္တာမယ ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်

မဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ရ ပြည်တွင်း/ပြည်ပသာသနာပြု ဆေးရိုးပင်သဲအင်း ဂူရိပ်သာများ၏ ဦးစီးပဓာနနာယက သာသနဓဇဓမ္မာစရိယ ဓမ္မကထိကဗဟုဇန ဟိတဓရ ကမ္မဋ္ဌာနစရိယ ဗုဒ္ဓသာသနာ ဇောတိပါလ ပြည်တွင်း/ပြည်ပသာသနာပြု ရွှေဥက္ကလာဆရာတော် ဒေါက်တာ ဘဒ္ဒန္တစိန္တာမယဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ၁၅ ရပ်ကွက် ဆေးရိုးပင်သဲအင်းဂူရိပ်သာခုနစ်ထပ်ကျောင်း၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး ဒဂုံမြို့သစ်မြောက်ပိုင်း အောင်မြေရတနာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသီလဝံသာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူကာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သာသနဓဇသီရိပဝရ ဓမ္မာစရိယ ဝိနယဝိဒူ ဝိနယပါဠိပါရဂူ မဟာဂန္ထဝါစကပဏ္ဍိတ ဆရာတော်ထံမှ သာရဏီယသြဝါဒကထာ နာယူကြသည်။

ဆက်လက်၍ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ဗုဒ္ဓဂါယာကျောင်းမှ သာသနဓဇဓမ္မာစရိယ ဒေါက်တာဉာဏဒဿန အရှင်သူမြတ်က ဂုဏာဘိတ္ထဝထေရပူဇာ ဂါထာဖြင့်ပူဇော်ပြီး ဂုဏ်ပြုအပူဇော်ခံ ရွှေဥက္ကလာဆရာတော် ဒေါက်တာ ဘဒ္ဒန္တစိန္တာမယ အရှင်မြတ်ထံ မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ကို တပည့်သာဝကတို့က ထပ်ဆင့်ဂုဏ်ပြုဆက်ကပ်ပူဇော်၍ ပင့်သံဃာတော် အရှင်သူမြတ် တို့အား လှူဖွယ် ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဓမ္မာစရိယတက္ကသိုလ်များ၏နာယကချုပ် တိပိဋက ပါဠိမြန်မာ အဘိဓာန်ကျမ်းပြု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တာဘိဝံသ အရှင်သူမြတ်က အနုမောဒနာတရား ဟောကြားတော်မူပြီး လှူဒါန်းမှုကုသိုလ်အား ရေစက်သွန်းချ အမျှပေးဝေကာ   ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

(သတင်းစဉ်)