ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နှင့် လေးမျက်နှာမြို့တို့တွင် ဆောင်ရွက်နေသည့် မြစ်ကမ်းပါး ပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နှင့် လေးမျက်နှာမြို့တို့တွင် ဆောင်ရွက်နေသည့် မြစ်ကမ်းပါး ပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်  မတ်  ၁၉

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဝန်ကြီးဌာနနှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး  ညောင်တုန်းမြို့ ရန်ကင်းစံရာကူးတို့ ဆိပ်အောက်ပိုင်းကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုလုပ်ငန်းခွင်နှင့် လေးမျက်နှာမြို့နယ်ရှိ သမိုင်းဝင်စတုမုခထူပါရုံစေတီတော်ကြီး တည်ရှိရာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင် နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ   ဧရာဝတီတိုင်းဒေသကြီးညောင်တုန်းမြို့      အမှတ်(၃)ရပ်ကွက်ရန်ကင်းစံရာ   ကူးတို့ဆိပ်အောက်ပိုင်း ၁၄ လမ်းနှင့် ၁၆ လမ်းအကြား၌ ကမ်းပြို ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိလာရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မြို့နယ်မှတာဝန်ရှိသူများ၊ ဒေသခံမြို့မိမြို့ဖများနှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။ လုပ်ငန်းနေရာရှင်းလင်းဆောင်တွင်  ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးမြေနိမ့်ကျဖြစ်ပေါ်ခဲ့မှုအခြေအနေများ၊   အဆိုပါကမ်းပြိုမှုကာကွယ်ရေးအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနေသည့်လုပ်ငန်းပြီးစီးမှုအခြေအနေများ၊  လုပ်ငန်းခွင်တွင်  အသုံးပြုနေသည့် ခေတ်မီနည်းစနစ်များ၏အားသာချက်များအား ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြို့ကမ်းပါးပြိုကျမှုအန္တရာယ်စိုးရိမ်ရသည့်အခြေအနေ ထပ်မံဖြစ်ပေါ်လာခြင်း မရှိစေရေးအတွက် လက်ရှိဆောင်ရွက်နေသည့် နည်းပညာနှင့်ဒီဇိုင်းအတိုင်း စံချိန်စံညွှန်းပြည့်မီအောင်နှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် စနစ်တကျ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိုးရာသီမြစ်ရေမတက်မီ သတ်မှတ်ထားသည့်အချိန်ကာလအတွင်း လုပ်ငန်းများပြီးမြောက်အောင် ဆောင်ရွက်ရန်လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် မြို့ကမ်းနားတစ်လျှောက် ကြိုတင်ကာကွယ် ဆောင်ရွက်သင့်သည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအတွက်လည်း နှစ်အလိုက်စီမံချက်ချမှတ်၍ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မှာကြားသည်။

၎င်းင်းနောက်    ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးသည်  ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မွန်းလွဲပိုင်းတွင် လေးမျက်နှာမြို့နယ်ရှိ သမိုင်းဝင် စတုမုခထူပါရုံစေတီတော်ကြီး တည်ရှိရာကမ်းပါးအား ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကာကွယ်ရေးဆောင်ရွက်နေသည့်  လုပ်ငန်းခွင်သို့

ရောက်ရှိလာရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတာဝန်ရှိသူက  စေတီတော် မြတ်ကြီးအား မြစ်ရေတိုက်စားမှုမှကာကွယ်နိုင်ရန် ငဝန် မြစ်ရေလမ်းကြောင်းအား  ပြုပြင်ထိန်းသိမ်းရေး ရေလွှဲရေကာနံရံများတည်ဆောက်ခြင်း၊ သောင်တူးဖော်ခြင်း၊ အခြေထိန်း Bore Pile တည်ဆောက်ခြင်း၊ ကမ်းပါးဆင်ခြေလျှောတွင်  Geo Bag များ ချခင်းခြင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။   ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းအတွက် အသုံးပြုနေသည့် လုပ်ငန်းသုံးပစ္စည်းများကို အရည်အသွေး ပြည့်မီအောင် သုံးစွဲဆောင်ရွက်ရေး၊ နိုင်ငံတော်ဘဏ္ဍာငွေကျခံ သုံးစွဲဆောင်ရွက်ပေးနေခြင်းဖြစ်၍ လေလွင့်မှုမရှိအောင်ကြပ်မတ်ဆောင်ရွက်ရေး၊    ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိနေသည့် လုပ်ငန်းများကိုလည်း အထိရောက်ဆုံးသော ရေရှည်ခံနိုင် ရည်ရှိမည့်ဒီဇိုင်းများဖြင့် တီထွင်ဖော်ထုတ် သုံးသပ်ဆောင်ရွက်သွားရေး၊ စေတီတော်အထက်နှင့်အောက်ဘက်ရှိ ရေနက်အိုးများအတွင်း သဲဖြည့်ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်တည်တံ့မည့် နည်းလမ်းများဖြင့် ဆောင်ရွက်ရေး၊ စေတီတော်အနီး ငဝန်မြစ်ရေကြောင်းကျဉ်းပြီး ရေနက်ကြောင်းများဖြစ်ပေါ်နေမှုကို လျှော့ချနိုင်ရန်ဆောင် ရွက်လျက်ရှိသည့် ရေကြောင်းချဲ့သောင်တူးခြင်းလုပ်ငန်းကို မိုးရာသီမြစ်ရေမတက်မီ ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းမှုကို အလေးထား ဆောင်ရွက်စေရေးစသည်တို့ကို မှာကြားပြီးနောက် လုပ်ငန်းခွင် နေရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း  သတင်းရရှိသည်။