ကျောက်ဆည်မြို့နယ် သီးပင်ကျေးရွာတွင် ဆင်စွယ်မုန်လာဥများအထွက်နှုန်းကောင်း

ကျောက်ဆည်၊ စိုက်ပျိုးရေး

ကျောက်ဆည်မြို့နယ် သီးပင်ကျေးရွာတွင်  ဆင်စွယ်မုန်လာဥများအထွက်နှုန်းကောင်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်မှ တောင်သူများသည် ဆန်စပါးအပြင် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များ စိုက်ပျိုး ရောင်းချလျက်ရှိရာ သီးပင်ကျေးရွာတွင် စိုက်ပျိုးသော ဆင်စွယ်မုန်လာဥများ အထွက်နှုန်းကောင်းကြောင်း သိရသည်။

မုန်လာဥပင်သည် သဲနုန်းမြေတွင် စိုက်ပျိုးပါက ကောင်းစွာဖြစ်ထွန်းသည်။ မုန်လာဥပင်သည် ဆောင်းရာသီတွင် ပိုမိုဖြစ်ထွန်းသော် လည်း တောင်သူများအနေနှင့် မြစ်ဘေး/ချောင်းဘေးရှိ မြေနုသဲနုန်းများတွင် နှစ်ပတ်လည်စိုက်ပျိုးကြကြောင်း၊ ဆင်စွယ်မုန်လာမျိုး တစ်ဧက စိုက်ပျိုးမည်ဆိုပါက မျိုးစေ့ သုံးထုပ်ကုန်ကြောင်း၊ စိုက်ပျိုးရာတွင် ကြဲပက်စနစ်၊ ထွန်ကြောင်းစိုက်စနစ်၊ ပေါင်စိုက်စနစ်ဟူ၍ အမျိုးမျိုး စိုက်ပျိုးနိုင်ကြောင်းနှင့် ပေါင်စနစ်ဖြင့် စိုက်ပျိုးပါက ရေသွင်းရေထုတ် ပြုလုပ်နိုင်သဖြင့် အောင်မြင်မှုသေချာကြောင်း၊   စိုက်ပျိုးပြီး အပင် ၄၅ ရက်သားတွင် စတင်နုတ်ပြီး ဈေးကွက်သို့ ရောင်းချနိုင်ကြောင်း၊ ဈေးကွက်ကောင်းမွန်ပါက ပွဲစားများမှ အခင်းပြတ် လာရောက်ဝယ်ယူကြကြောင်း တောင်နောက်ကျေးရွာအုပ်စု သီးပင်ကျေးရွာမှ မုန်လာဥတစ်ဧက စိုက်ပျိုးထားသည့် တောင်သူ ညိုတင်က ပြောသည်။

ကုန်ကျစရိတ်အနေဖြင့် မုန်လာဥသီးနှံ တစ်ဧကစိုက်ပျိုးမည်ဆိုပါက ငွေကျပ်သုံးသိန်းခွဲမှ လေးသိန်းကျော်အထိကုန်ကျကြောင်း၊ ရောင်းဈေးအနေဖြင့် တစ်ရာသီနှင့် တစ်ရာသီ မတူကြောင်းနှင့် ဈေးကွက်မကောင်းပါက တောင်သူများအနေဖြင့် ရွာစဉ်များသို့ လှည့်လည် ရောင်းချသည့် ရွေ့လျားဈေးသည်များထံသို့ လက်လီရောင်းချရကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)