ရေနှင့်ကျန်းမာသန့်ရှင်းမှု တိုးတက်ကောင်းမွန်ရေး

ရေနှင့်ကျန်းမာသန့်ရှင်းမှု တိုးတက်ကောင်းမွန်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၂၂ ရက်)

    ကမ္ဘာ့လူသားအားလုံးအတွက် ရေသည်လွန်စွာ အရေးပါသည့်အရာဖြစ်သည်။ ကမ္ဘာကြီးတွင် ရေလိုအပ်မှုမှာ   တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာနေသည်။   ကမ္ဘာ့မျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းကျော်မှာ ရေများ ဖုံးလွှမ်းလျက်ရှိသည့်အတွက် ကမ္ဘာပေါ်တွင် အကောင်အထည်ပြနိုင်သည့် အပေါများဆုံးအရာမှာ ရေဖြစ်သည်။ ရေမှာအပေါများဆုံး ဖြစ်သော်လည်း ရေတိုင်းကို အသုံးပြုနိုင်သည် မဟုတ်ပါ။ ပင်လယ်သမုဒ္ဒရာထဲရှိ ရေများမှာ ငန်လွန်းသည့်အတွက် သောက်သုံးရန် သို့မဟုတ် စိုက်ပျိုးရေးတွင် အသုံးပြု၍မရနိုင်ပေ။ ကမ္ဘာ့ရေအားလုံး၏ ၃ရာခိုင်နှုန်းသာ ရေချိုဖြစ်သည်။

ကမ္ဘာပေါ်တွင်သန့်ရှင်းသော ရေရှားပါးလာမှုကြောင့် နှစ်စဉ်လူပေါင်း ၁ ဒသမ ၄ သန်းမှာ ရေ၊ မိလ္လာနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ ရောဂါများဖြင့် သေဆုံးလျက်ရှိသည်။ ရေသည်လူသားတို့အတွက် မရှိမဖြစ်သော နေ့စဉ်သုံးအရာဖြစ်ပေရာ ရေနှင့်သန့်ရှင်းရေးကို လူသားတို့ ဂရုတစိုက်ရှိရန် လိုအပ်နေပြီဖြစ်သည်။ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ရေနေ့ကို မတ် ၂၂ ရက်တွင် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပကာ ရေ၏အရေးပါပုံကို မီးမောင်းထိုးပြလျက်ရှိသည်။ ကမ္ဘာ့ရေနေ့ အခမ်းအနားများကို ၁၉၉၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ရေနှင့်ဆက်စပ်သည့် အကြောင်းအရာများနှင့် ပြဿနာများကို မည်သို့ဖြေရှင်းနိုင်မည်ကို လေ့လာနိုင်သည့် ဆောင်ပုဒ်တစ်မျိုးစီ ဖော်ထုတ်ဆွေးနွေး အဖြေရှာလျက်ရှိသည်။

၂၀၂၃ ခုနှစ် မတ် ၂၂ ရက် ကမ္ဘာ့ရေနေ့အတွက် ဆောင်ပုဒ်မှာ”ရေနှင့်ကျန်းမာ သန့်ရှင်းမှု တိုးတက် ကောင်းမွန်ရေး အားလုံး အရှိန်အဟုန်မြှင့် ရှေ့သို့ကြိုးပမ်း ပါဝင်ဆောင်ရွက်ပေး” ဖြစ်သည်။ ရေနှင့်သန့်ရှင်းရေးဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းရာတွင် အပြောင်းအလဲများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်အတွက် ပိုမိုအာရုံစိုက် အလေးထားနိုင်ရန် တိုက်တွန်းထားသည်။ မြန်မာနိုင်ငံသည် မြစ်ချောင်းအင်းအိုင် ပေါများလှပြီး ရာသီဥတုမျှတသည့်အတွက် ရေရရှိမှုမှာ စိုးရိမ်ဖွယ် မဟုတ်သော်လည်း ရရှိနေသော ရေများကိုအကျိုးရှိစွာ အသုံးပြုခြင်း၊ ချွေတာသုံးခြင်းများကိုမူ လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်။

ကမ္ဘာ့နိုင်ငံအချို့တွင် မိုးခေါင်ရေရှားမှုကြောင့် အခက်အခဲကြုံနေသည့် သတင်းတစ်ပုဒ်ကို မတ် ၁၉ ရက်နေ့ထုတ် သတင်းစာတစ်စောင်တွင် ဖော်ပြထားသည်။ ကင်ညာနိုင်ငံ၌ မိုးခေါင်ရေရှားမှုကြောင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင် ၁ ဒသမ ၁ သန်းကျော် ဆေးဝါးကုသမှု ခံယူရန် လိုအပ်ကြောင်း၊ မိုးခေါင်ရေရှားမှု ပြဿနာများ ပိုမိုဆိုးရွားလာသည့်အတွက် မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေရသည့်ဒေသ ၂၂ ခု၌ အာဟာရချို့တဲ့သည့် ကလေးငယ်ပေါင်း ၉၇၀၂၁၄ ဦးရှိကြောင်း၊ ရေအရင်းအမြစ်များ လျော့နည်း ရှားပါးလာခြင်းကြောင့် ကုလားအုတ်၊ နွား၊ ဆိတ်နှင့်သိုးများ သေဆုံးမှုအရေအတွက်မှာ ၂ ဒသမ ၆၁ သန်းအထိ မြင့်တက်လာကြောင်း ဖော်ပြထားသည်။

ရေသည်လူသားတို့အတွက်သာ လိုအပ်သည်မဟုတ်ဘဲ တိရစ္ဆာန်များ အတွက်လည်း လိုအပ်လျက်ရှိသည်။ ကမ္ဘာ့လူဦးရေမှာ နှစ်စဉ်တိုးပွားနေသော်လည်း   ရေအရင်းအမြစ်မှာ တိုးပွားခြင်း မဟုတ်သည့်အတွက် ရေလိုအပ်ချက်သည် တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျက်ရှိနေသည်။    ရေရှားပါးသော နိုင်ငံများသည်  မြေပြင်ပေါ်မှရေရရှိမှုချို့တဲ့လာသောအခါ  မြေအောက်ရေများကို ထုတ်ယူသုံးစွဲကြသည်။   လွန်ခဲ့သည့် ကိုးနှစ်အတွင်း   ကမ္ဘာအနှံ့တွင်    မြေအောက်ရေပမာဏ သိသိသာသာ ကျဆင်းသွားခဲ့ပြီး  အိန္ဒိယ၊ တရုတ်၊  ပါကစ္စတန်နှင့် နိုင်ငံအချို့တွင်  ရေတွင်းများ ခန်းခြောက်သွားခဲ့ကြောင်း သိရှိရသည်။ မြေအောက်ရေ လျော့နည်းခြင်းမှာ  ကမ္ဘာ့စားရေရိက္ခာ ထုတ်လုပ်မှုအတွက်   အနုတ်လက္ခဏာဖြစ်သည်။    ယခုအခါ ကမ္ဘာ့စားရေရိက္ခာ ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းသည် မြေအောက်ရေကို အလွန်အကျွံစုပ်ယူမှု အပေါ် မူတည်နေသည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။

ကမ္ဘာတစ်ဝန်းရှိ လူလေးဦးလျှင် တစ်ဦးသည် သောက်သုံးရေ ချို့တဲ့လျက်ရှိသည့်အတွက် ကမ္ဘာ့လူဦးရေ ၂ ဘီလီယံခန့်သည် ဘေးကင်းသော သောက်သုံးရေ ချို့တဲ့နေသည်ဟု ဆိုပါသည်။ ယခုအခါ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် ရေအတွက် ကြောင့်ကြရမှု မြင့်မားသောအဆင့်တွင်ရှိသောနိုင်ငံများတွင် နေထိုင်ကြသည်။ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံသည် ထိုအခြေအနေများ အောက်တွင် နေထိုင်ရမည်ဖြစ်သည်။ မကြာသေးမီက မက်ကင်ဆေးနင့် ကုမ္ပဏီ၏ အစီရင်ခံစာအရ ဆယ်စုနှစ်နှစ်ခုအတွင်း ရေလိုအပ်ချက်သည် ရေရရှိနိုင်မှု ၄၀ ရာခိုင်နှုန်းထက် ကျော်လွန်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

ကမ္ဘာ့ဘဏ်၏ ရေနှင့်ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာတွင် ရေရှားပါးပြီး စီးပွားရေးအရ ဆင်းရဲသည့် နိုင်ငံ ၄၅ နိုင်ငံကို ဖော်ပြထားသည်။ အဆိုပါနိုင်ငံများတွင် အမျိုးသမီး တစ်ဦးလျှင် ပျမ်းမျှကလေး မွေးဖွားနှုန်း ၄ ဒသမ ၈ ဦးရှိပြီး ကမ္ဘာ့ပျမ်းမျှမွေးနှုန်းထက် နှစ်ဆနီးပါးရှိကာ ၎င်းင်းတို့၏လူဦးရေသည် ၂၀၅၀ ပြည့်နှစ်တွင် နှစ်ဆတိုးလာမည်ဟု ခန့်မှန်းထားသည်။ ရေလိုအပ်ချက်များကို ဖြည့်ဆည်းခြင်းထက် ရေကိုချွေတာ သုံးစွဲခြင်းကို ပိုမိုလုပ်ဆောင်ကြရတော့မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ရေနှင့်ကျန်းမာသန့်ရှင်းမှု တိုးတက်ကောင်းမွန်ရေး အားလုံးအရှိန်အဟုန်မြှင့် ရှေ့သို့ကြိုးပမ်း ပါဝင်ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။