စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် - ၈၉

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် - ၈၉

အမှတ်စဉ်(၈၉)

    ဖော်ပြခဲ့တဲ့အဖွဲ့တွေ့ရဲ့ အောက်မှာ အဆင့်ဆင့် ခေါင်းဆောင်များ ခန့်အပ်ပြီး တာဝန်ချထားပေးတာတွေ ရှိပါတယ်။ ဒါတွေကိုတော့ သိပ်ကျယ်ပြန့်သွားမှာစိုးလို့ မဖော်ပြတော့ပါဘူး။ အဓိက ဖော်ပြချင်တာကတော့ အုပ်ချုပ်မှုစနစ်ဟာ  ခေတ်မီနည်းပညာများ သုံးပြီး အဆင့်ဆင့် တာဝန်ခံမှု၊  တာဝန်ယူမှုနဲ့ အုပ်ချုပ်နေတာပါပဲ။  EGAT ဟာ နိုင်ငံပိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ မဂ္ဂါဝပ်လေးသောင်းကျော်ကို ဝန်ထမ်း ဦးရေ ၂၂၄၁၃ ဦး (၂၀၁၇ ဇူလိုင်)နဲ့ စီမံခန့်ခွဲနေတာဟာ လေ့လာစရာပါပဲ။ EGAT   ဟာ တစ်မဂ္ဂါဝပ်ကို  ဝန်ထမ်းဦးရေ တစ်ဝက်နှုန်းနဲ့သာ ခန့်ထားဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံ လျှပ်စစ်ကဏ္ဍမှာတော့ ဝန်ကြီးရုံးမပါ ဦးစီးဌာန သုံးခု၊ ဌာနနှစ်ခုနဲ့ ကော်ပိုရေးရှင်းကြီးနှစ်ခု စုစုပေါင်း ၇ ခုနဲ့ ဝန်ထမ်း ၂၁၁၉၅ ဦး (၂၀၁၈ ခုနှစ် ဇွန်လ) နဲ့ မဂ္ဂါဝပ် ၅၀၀၀ ကျော်ကို  အင်တိုက်အားတိုက် စီမံခန့်ခွဲသလို   ဖြစ်နေပါတယ်။  EGAT အုပ်ချုပ်မှုအောက်မှာ တပ်ဆင် စက်မဂ္ဂါဝပ် ၄၁၇၂၃ (၂၀၁၇ ဇူလိုင်) ရှိတယ်ဆိုပေမယ့်  သူကိုယ်တိုင် မောင်းနှင်နေတာဟာ  ၁၆၀၇၁ သာဖြစ်ပြီး ကျန်တဲ့တပ်ဆင် စက်အင်အားဟာ ပုဂ္ဂလိကများရဲ့ ထုတ်လုပ်မှုနဲ့ ပြည်ပမှဝယ်ယူခြင်းပါပဲ။ ပြည်ပမှ ဝယ်တယ်ဆိုရာမှာလည်း  သူဝယ်မယ့် ရေအားလျှပ်စစ် စက်ရုံတွေမှာ   သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုကိုပါ ထည့်ထားပြီး ဝယ်တာဖြစ်လို့ သူ့အတွက် စွမ်းအင်လုံခြုံစိတ်ချရမှု ပိုကောင်းပါတယ်။

ဒီလိုဖြစ်လာအောင် ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ကဏ္ဍမှာ ၁၉၉၁-၉၂ ခုနှစ်များက စပြီး ပုဂ္ဂလိက  Independent Power Producers (IPP) များ ဖိတ်ခေါ်ပြီး ဆောင်ရွက်ခဲ့တာပါ။ ဒါပေမဲ့ သူတို့အားလုံးဟာ EGAT ကိုပဲ ဓာတ်အားရောင်းချရပြီး EGAT က သင့်တင့်တဲ့စာချုပ်နဲ့ ဝယ်ယူပေးနေတာပါ။

ထိုင်းနိုင်ငံမှာ EGAT အဖွဲ့ကြီးဟာ ၂၀၁၅ ခုနှစ်မှ ၂၀၃၆ ခုနှစ်ထိ တိကျတဲ့ လျှပ်စစ်ပင်မစီမံချက် (Power Development Plan) (PDP) ရေးဆွဲ ဆောင်ရွက်နေပါတယ်။  ဒီစီမံချက်ကို  နှစ်စဉ်စောင့်ကြည့်ပြီး ပြုပြင်ပြောင်းလဲဖို့လိုရင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ပါတယ်။ ဒီပင်မစီမံချက်အရ ၂၀၃၆ ခုနှစ်အတွင်း နောက်ထပ် တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၄၂၀၆ ထပ်တိုးအောင် ဆောင်ရွက်မှာဖြစ်ပါတယ်။

Bangkok Metropolitan ဆိုတာဘာလဲ

    ထိုင်းမှာ EGAT ဟာ ဗန်ကောက်စည်ပင်သာယာ နယ်နိမိတ်ပြင်ပ ဓာတ်အား စီမံခန့်ခွဲမှုကို     အဓိကတာဝန်ယူ ဆောင်ရွက်ရတာဖြစ်ပြီး စွမ်းအင်ဝန်ကြီးဌာနရဲ့ အုပ်ချုပ်မှုအောက်က နိုင်ငံပိုင်လုပ်ငန်း တစ်ခုဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ် မေလ ၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကြတာပါ။ သူ့လိုပဲ တစ်ဖွဲ့ရှိပါသေးတယ်။ အဲဒီအဖွဲ့ကတော့ Metropolitan Electri-city Authority (MEA)  လို့ခေါ်တဲ့ ဗန်ကောက် စည်ပင်သာယာရေး ဧရိယာနယ်နိမိတ်ထဲက  လျှပ်စစ်စီမံခန့်ခွဲမှုကို တာဝန်ယူရတဲ့ အဖွဲ့ပါ။ သူ့နယ်မြေဟာ Bangkok, Nonthaburi နဲ့ Samut Prakan ဆိုတဲ့ ဧရိယာတွေထဲက လျှပ်စစ်လုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်။ ဒီအဖွဲ့အကြောင်း အနည်းငယ် ရှင်းပြပါမယ်။

ရာမ-၅ ဘုရင်(King Chulalongkorn) (ချူလာလောင်ကွန်ဘုရင်) ကြီးဟာ လျှပ်စစ်ကို  လေးလေးနက်နက် စိတ်ဝင်စားပြီး ၁၉၁၃ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်မှာ ဂျာမနီ အကူအညီနဲ့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ကို လျှပ်စစ်မီးစပေးခဲ့တယ်။ ပထမဆုံး နာမည်ပေးတာကတော့ Siam Electricity Company Limited လို့  ပေးခဲ့ပါတယ်။ ၁၉၃၉ ခုနှစ် ရောက်တော့  Thailand Electricity Corporation Company Limited ရယ်လို့ အမည်ပြောင်းလိုက်ပါတယ်။ ၁၉၅၀ ပြည့်နှစ်မှာ မူလကုမ္ပဏီ လုပ်ကိုင်ခွင့်သက်တမ်း ကုန်သွားတဲ့အခါ ထိုင်းအစိုးရ ပြည်တွင်းရေးရာ ဝန်ကြီးဌာန (Ministry of Interior) အောက်မှာ Bangkok Electricity Authority  ဆိုပြီး အစိုးရပိုင် ကုမ္ပဏီအဖြစ် ပြောင်းလိုက်ပါတယ်။ ၁၉၅၈ ခုနှစ် သြဂုတ်လ ၁ ရက်မှာ Metropolitan Electri-city Authority (MEA)  အဖြစ် အမည် ထပ်ပြောင်းလိုက်ပါတယ်။ သူ့ဧရိယာတစ်ခုလုံး အမြင့်ဆုံးသုံးတဲ့ ဓာတ်အားကလည်း မဂ္ဂါဝပ် ၈၆၆၉ (၂၀၁၄ ခုနှစ်) ရှိပါတယ်။  မြန်မာတစ်နိုင်ငံလုံး အသုံးထက် နှစ်ဆကျော်လောက် MEA ရဲ့ ဧရိယာက သုံးပါတယ်။ ခရိုင် ၁၈ ခုမှာ ရုံးတွေဖွင့်ပြီး စီမံခန့်ခွဲနေပါတယ်။  ဝန်ထမ်းအင်အားကတော့ ၈၃၃၈ ဦး (၂၀၁၄ စာရင်းအရ)  ရှိတဲ့အတွက်  ၁  မဂ္ဂါဝပ်အတွက်  ဝန်ထမ်းတစ်ဦးနှုန်း ခန့်ထား ဆောင်ရွက်နေတဲ့ သဘောပါပဲ။

ထိုင်းလျှပ်စစ်ကို ဘာအရင်းအမြစ်တွေနဲ့ ထုတ်လုပ်နေသလဲ

    ထိုင်းနိုင်ငံရဲ့  ၂၀၁၇ ခုနှစ် မေလထဲမှာဖြစ်ပေါ်ခဲ့တဲ့   အမြင့်ဆုံးဓာတ်အား လိုအပ်ချက်ဟာ မဂ္ဂါဝပ် ၂၈၅၇၅ ရှိခဲ့ပါတယ်။ သူ့မှာတပ်ဆင်ထားတာရော၊  ပြည်ပကဝယ်ထားတာရော ပေါင်းရင် ၄၁၇၂၃ မဂ္ဂါဝပ် ရှိနေတာကြောင့်  သူ့မှာ   အရန်တပ်ဆင်ထားတဲ့ ဓာတ်အားဟာ  ၄၆ ရာခိုင်နှုန်းအထိ အပိုရှိနေပါတယ်။ အပြည်ပြည်ဆိုင်ရာ စံနှုန်းအရ အရန်ဓာတ်အားဟာ ၁၅ ရာခိုင်နှုန်းလောက်ရှိရင် လုံလောက်ပါတယ်။ ထိုင်းရဲ့ လျှပ်စစ်အပေါ် အရေးပေးအလေးအနက်ထားမှုကြောင့် ထိုင်းနိုင်ငံမှာ သဘာဝဘေးတစ်ခုခု   ကြီးကြီးမားမား ရှိရင်တောင်   တစ်နိုင်ငံလုံး ဓာတ်အား ပြတ်တောက်ခြင်းဆိုတာ မရှိပါဘူး။  EGATရဲ့အဆိုအရ ထိုင်းနိုင်ငံတစ်နိုင်ငံလုံး  ဓာတ်အား တစ်နာရီပြတ်တောက်ခဲ့ရင် မဂ္ဂါဝပ် ၁၇၇၈ ထုတ်လုပ်ပေးနေတဲ့ စက်ရုံတစ်ရုံ တစ်နာရီ ရပ်နားလိုက်ရခြင်းနဲ့ ညီမျှတဲ့ ဓာတ်အား လျော့သွားခြင်းဖြစ်ပါတယ်တဲ့။

၂၀၁၅ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ Power Development Plan အရ-၂၀၃၆ ခုနှစ်မှာ အောက်ဖော်ပြပါ အရင်းအမြစ် သုံးစွဲမှုအချိုးနဲ့ လျှပ်စစ်ဓာတ်အား ထုတ်သွားမယ်လို့ ဖော်ပြထားပါတယ်။

-ပုံ

ဆက်လက်ဖော်ပြပါမည်-