ဆီဗီလာအသင်းက အသင်းရလဒ်ပိုင်း မတည်ငြိမ်မှုများကြောင့် နည်းပြ ဆမ်ပါအိုလီကို ထုတ်ပယ်ပြီးနောက် တစ်ရာသီအတွင်း နည်းပြနှစ်ဦးကို ထုတ်ပယ်

ဆီဗီလာအသင်းက အသင်းရလဒ်ပိုင်း မတည်ငြိမ်မှုများကြောင့် နည်းပြ ဆမ်ပါအိုလီကို ထုတ်ပယ်ပြီးနောက် တစ်ရာသီအတွင်း နည်းပြနှစ်ဦးကို ထုတ်ပယ်

    ဆီဗီလာအသင်းက  ရလဒ်ပိုင်းမတည်ငြိမ်မှုများကြောင့် နည်းပြဆမ်ပါအိုလီကို ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း  အတည်ပြုကြေညာပြီးနောက်  နည်းပြသစ် ခန့်အပ်ရန်   ပြင်ဆင်လျက်ရှိနေပြီး  တစ်ရာသီအတွင်း နည်းပြနှစ်ဦးကို  ထုတ်ပယ်ပြီးဖြစ်ကြောင်း   သိရသည်။

ဆီဗီလာအသင်းသည် ယခုဘောလုံး ရာသီတွင် ရလဒ်များ ဆိုးရွားနေသည့်အတွက် နည်းပြ လိုပက်တီဂူကို ၂၀၂၂ ခုနှစ်   အောက်တိုဘာလက   ရာထူးမှ ထုတ်ပယ်ပြီးနောက်   ဆမ်ပါအိုလီကို  နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

နည်းပြ ဆမ်ပါအိုလီကိုင်တွယ်ရာတွင်လည်း ရလဒ်ပိုင်း တိုးတက်လာခြင်းမရှိဘဲ   ရလဒ်များဆက်တိုက် ဆိုးရွားနေသည့်အတွက် ဆီဗီလာအသင်း တာဝန်ရှိသူများက ဂီတာဖေးအသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့်  ရှုံးနိမ့်သည့် ပွဲစဉ်အပြီးတွင် နည်းပြဆမ်ပါအိုလီကို ရာထူးမှ ထုတ်ပယ်ရန် စတင်ပြင်ဆင်လာပြီး ယခုအခါ အသင်းနည်းပြရာထူးမှ ထုတ်ပယ်ကြောင်း အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။

ဆီဗီလာအသင်းသည် ယခုဘောလုံးရာသီ စပိန် လာလီဂါပြိုင်ပွဲတွင် ၂၆ ပွဲကစားရာ ခုနစ်ပွဲသာအနိုင် ရရှိပြီး ခုနစ်ပွဲသရေနှင့်  ၁၂ ပွဲအထိရှုံးနိမ့်ကာ ရမှတ် ၂၈ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၁၄) နေရာ၌ ရပ်တည်နေသော်လည်း တန်းဆင်းဇုန်မှ ဗလင်စီယာ အသင်းနှင့် ရမှတ်နှစ်မှတ်သာ ကွာဟနေပြီး တန်းဆင်း ဇုန်ဖိအားများ ရှိလာသည့်အတွက်  နည်းပြအပြောင်းအလဲ ထပ်မံပြုလုပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။