ဒဏ်ရာပြဿနာ အကြောင်းပြချက်ဖြင့် အင်္ဂလန်အသင်း ကစားသမားစာရင်းမှ ရက်ရှ်ဖို့ဒ်နှင့် မေဆင်မောင့်တို့ နုတ်ထွက်

ဒဏ်ရာပြဿနာ အကြောင်းပြချက်ဖြင့် အင်္ဂလန်အသင်း ကစားသမားစာရင်းမှ  ရက်ရှ်ဖို့ဒ်နှင့် မေဆင်မောင့်တို့ နုတ်ထွက်

    အင်္ဂလန်အသင်း ကစားသမားများဖြစ်သည့် တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်နှင့် မေဆင်မောင့်တို့သည် ဒဏ်ရာပြဿနာ အကြောင်းပြချက်ဖြင့် နိုင်ငံတကာ ပွဲစဉ်များကစားမည့် အင်္ဂလန်အသင်း ကစားသမား စာရင်းမှ နုတ်ထွက်ခဲ့ကြကြောင်း သိရသည်။

ရက်ရှ်ဖို့ဒ်သည် အက်ဖ်အေဖလား ပွဲစဉ်အဖြစ်ကစားသည့် ဖူလ်ဟမ်အသင်းနှင့် မန်ယူအသင်းတို့ ပွဲစဉ်၌ ဒဏ်ရာရရှိသည့်အတွက် ပွဲပြီးဆုံးခါနီးတွင် လူစားလဲထွက်ခွာခဲ့ရပြီး ကြံ့ခိုင်မှုမပြည့်ဝသည့် အတွက် အင်္ဂလန်အသင်း ကစားသမားစာရင်းမှ  နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းမှ မေဆင်မောင့်သည်လည်း   လက်ရှိတွင်   ကြံ့ခိုင်မှုမပြည့်ဝသည့်အတွက် အင်္ဂလန်အသင်း ကစားသမားစာရင်းမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း နည်းပြဆောက်ဂိတ်၏ အင်္ဂလန်အသင်း အပြီးသတ်ကစားသမား ၂၅ ဦး စာရင်းတွင် ရွေးချယ်ခံထားရသည့် နယူးကာဆယ် အသင်းမှ ဂိုးသမား နစ်ပုပ်ခ်သည်လည်း ဒဏ်ရာရရှိခဲ့သောကြောင့်   အသင်းကစားသမား စာရင်းမှ နုတ်ထွက်ခဲ့သည့်အတွက်    နည်းပြဆောက်ဂိတ်က နစ်ပုပ်ခ်၏နေရာ၌   စပါးအသင်းမှ   ဂိုးသမား ဖရေဆာဖော်စတာကို အစားထိုး ရွေးချယ်ခဲ့သည်။

နည်းပြဆောက်ဂိတ်က  နစ်ပုပ်ခ်၏နေရာ၌ ဖရေဆာဖော်စတာကို အစားထိုးရွေးချယ်ခဲ့သော်လည်း လက်ရှိတွင် အသင်းကစားသမား စာရင်းမှ နုတ်ထွက်ခဲ့သည့် ရက်ရှ်ဖို့ဒ်နှင့် မေဆင်မောင့်တို့နေရာ၌  အစားထိုး ရွေးချယ်မည်မဟုတ်ဘဲ အပြီးသတ်ကစားသမား ၂၃ ဦးစာရင်းဖြင့်သာ ယူရိုခြေစစ် ပွဲစဉ်များကို ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

အင်္ဂလန်အသင်းသည် ယူရိုပြိုင်ပွဲ ခြေစစ်ပွဲအဆင့် တွင် အီတလီ၊ မော်လ်တာ၊ မြောက်မက်ဆီဒိုးနီးယား၊ ယူကရိန်းအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက် နေပြီး မတ် ၂၄ ရက်တွင် အီတလီအသင်းနှင့် လည်းကောင်း၊ မတ် ၂၆ ရက်တွင် ယူကရိန်းအသင်းနှင့် လည်းကောင်း  ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။