ဒေါ်လာလွှမ်းမိုးမှုနဲ့ အမေရိကန်ကြီးစိုးမှုတို့ရဲ့နိဂုံးအတွက် နိဒါန်းဖြစ်လာတဲ့ ရှီကျင့်ဖျင်-ပူတင်တွေ့ဆုံမှု

ဒေါ်လာလွှမ်းမိုးမှုနဲ့ အမေရိကန်ကြီးစိုးမှုတို့ရဲ့နိဂုံးအတွက် နိဒါန်းဖြစ်လာတဲ့ ရှီကျင့်ဖျင်-ပူတင်တွေ့ဆုံမှု

    တရုတ်သမ္မတရှီကျင့်ဖျင်ကတော့ မတ် ၂၀ ရက်မှာ   ရုရှားနိုင်ငံကိုရောက်ရှိပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ နှစ်ဦးတည်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးပါပြီ။

အခုလိုမျိုး ရည်ရွယ်ချက်တူပြီး စိတ်တူကိုယ်တူရှိကြတဲ့ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံမှ ခေါင်းဆောင်နှစ်ဦးရဲ့တွေ့ဆုံမှုကြောင့် အမေရိကန်နဲ့ အနောက်အုပ်စုတို့ကတော့ အမျက်ထွက်သွားမှာ   အသေအချာပါပဲ။

နောက်တစ်ခုက သူတို့နှစ်ဦးရဲ့တွေ့ဆုံမှုဟာ  အနောက်အုပ်စုရဲ့ ဗိုလ်ကျစိုးမိုး ခြယ်လှယ်မှုအပေါ် ခြိမ်းခြောက်မှုဖြစ်လာ စေတာပါပဲ။

ဘာကြောင့် ခြိမ်းခြောက်မှုဖြစ်လာစေတာလဲဆိုတဲ့ အချက်ကိုတော့ ဟောင်ကောင် အခြေစိုက် နိုင်ငံရေးနဲ့ ဘဏ္ဍာရေး သုတေသီတစ်ဦးဖြစ်တဲ့ အန်ဂျလိုဂျူလီယာနိုကရှင်းပြထားပါတယ်။

ဒါ့အပြင် တရုတ်နဲ့ရုရှားနိုင်ငံတို့ကြားက အလွန်နီးကပ်လွန်းတဲ့  စီးပွားရေးအရ ဆက်ဆံရေးကလည်း  ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာရဲ့လွှမ်းမိုးမှုကို အဆုံးသတ်စေနိုင်သလို အမေရိကန်ရဲ့ဗိုလ်ကျ စိုးမိုးခြယ်လှယ်မှုသည်လည်း နိဋ္ဌိတံသွားနိုင်ပါသေးတယ်။

တစ်နေ့ထက်တစ်နေ့ ပိုပိုတိုး၍သာလာတဲ့ တရုတ်-ရုရှားတို့ကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အနောက်အုပ်စု မျှော်လင့်ထားတဲ့ အကျိုးဆက်တွေကို အဝေးဆီရောက်သွားအောင်  ပို့ဆောင်ပေးနိုင်စွမ်းရှိပါတယ်။

“တရုတ်နဲ့ရုရှားဆိုတာ သိပ်ကိုလိုက်ဖက်ညီလွန်းလှတဲ့ နှစ်နိုင်ငံဗျ။ တရုတ်မှာရှားပါးတဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေက ရုရှားမှာရှိတယ်။ တရုတ်ကကျတော့ အလွန်ကြီးမားလှတဲ့ စက်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်း အခြေစိုက်စခန်းကြီး ဖြစ်တဲ့အပြင် ဘဏ္ဍာရေးအင်အားလည်း တောင့်တင်းပါတယ်” လို့ အန်ဂျလိုဂျူလီယာနိုက ပြောပါတယ်။

အရေးအကြီးဆုံးတစ်ခုက  ယူကရိန်း အထူးစစ်ဆင်ရေးကြောင့် အနောက်အုပ်စုက ရုရှားနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ကျော်လွှားရာမှာ တရုတ်ကကောင်းကောင်းကြီး ကူညီပေးနိုင်တာပါပဲ။

“ဒါတင်မကသေးပါဘူး။ နှစ်နိုင်ငံစလုံးက ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ အနောက်အုပ်စုနဲ့ ထိပ်တိုက်တွေ့ဆုံမှုကြီး တစ်ခုအတွက်လည်း အဆင်သင့်ပြင်ဆင်ထားပါတယ်။ ပြောရမယ်ဆိုရင် နှစ်နိုင်ငံစလုံးက လက်တွေ့သဘောအရတော့ မဟာမိတ်တွေလည်း ဖြစ်နေပါပြီ” လို့ အန်ဂျလိုဂျူလီယာနိုက ဆက်ပြောပါတယ်။

အခုရှီကျင့်ဖျင်ရဲ့ ရုရှားနိုင်ငံခရီးစဉ်မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးလွှဲပြောင်းမှု စနစ်အသစ်တစ်ခု တည်ဆောက်ရေးအတွက် ဆွေးနွေးမှုလည်း ပါဝင်တယ်လို့ဆိုပါတယ်။

အဲဒီစနစ်အသစ်ဆိုတာ လက်ရှိကမ္ဘာမှာ အသုံးများပြီး အနောက်အုပ်စုက လိုသလို ခြယ်လှယ်လို့ရတဲ့  SWIFT စနစ်ကနေ ခွဲထွက်မှာပါ။

ဒီစနစ်အသစ်အတွက် ငွေကြေးအသစ်ကိုတော့   အဖွဲ့ဝင်နိုင်ငံများရဲ့ ငွေကြေးများအပေါ် အခြေခံပြီး  ရွှေကိုအရန်အဖြစ် ထားထားတဲ့ BRICS ဖွံ့ဖြိုးတိုးတက်မှု ဘဏ်ကနေ ကိုင်တွယ်နိုင်တယ်လို့လည်း သိရပါတယ်။

ဒီစနစ်အသစ်သာ အကောင်အထည် ပေါ်လာရင်  ကမ္ဘာ့ဘဏ္ဍာရေး စနစ်မှာ အမေရိကန်ရဲ့လွှမ်းမိုးမှုနဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမှာ  အမေရိကန် ဒေါ်လာကသာ နေရာယူကြီးစိုးနေမှုတို့က အဆုံးသတ်သွားနိုင်ပါလိမ့်မယ်။

“ဒေါ်လာငွေကြေးရဲ့ လွှမ်းမိုးမှုအဆုံးသတ်သွားခြင်းဟာ   အမေရိကန်ရဲ့ ကျရှုံးခန်းကို အစပျိုးခြင်းပါပဲ။ ကမ္ဘာသုံးငွေကြေး ကိုလိုသလို ရိုက်ထုတ်ပြီး  အခွင့်အရေးယူနေမှုရဲ့ အဆုံးသတ်လည်းဖြစ်ပါတယ်” လို့ အန်ဂျလိုဂျူလီယာနိုက ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးစနစ် အသစ်ဟာ  ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့လိုမျိုး အမေရိကန်အခြေစိုက် ဘရတ်တန်-ဝု(စ်) အဖွဲ့အစည်းတွေနဲ့ အပြိုင်ဖြစ်လာမှာဖြစ်ပြီး ပါဝင်လိုတဲ့ ဘယ်နိုင်ငံမှာမဆို ဖွင့်လှစ်နိုင်ဖွယ်ရှိပါတယ်။

သူ့ရဲ့ပုံစံကလည်း အမေရိကန်ထိန်းချုပ်ထားတဲ့  လက်ရှိကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့တို့လိုမျိုး ဗီတိုအာဏာကျင့်သုံးမှု မပါဝင်ဘဲ   ဒီမိုကရေစီ ပိုဆန်ပါလိမ့်မယ်။

အခုတော့ အဲဒီစနစ်အသစ်ကို စိတ်ဝင်စားနေတဲ့ နိုင်ငံအများအပြားရှိပြီး ပြောင်းလဲမှုကတော့ တဖြည်းဖြည်းနဲ့ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

အနောက်အုပ်စုမှ ခေါင်းဆောင်အများအပြားက တရုတ်နိုင်ငံကို  သူတို့အတွက် စနစ်တကျဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှု ဒါမှမဟုတ်  ရန်ဘက်အနေနဲ့ သတ်မှတ်ထားကြပါတယ်။

လက်ရှိရရှိထားတဲ့ အချက်အလက်တွေအရဆိုရင် တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍက အမေရိကန်နဲ့ ဥရောပတို့ရဲ့ပေါင်းခြင်းထက် များစွာကြီးမားနေတာကို တွေ့ရပါတယ်။

နည်းပညာ ၄၄ မျိုးရှိတယ်ဆိုရင် ၃၇ မျိုးမှာ   တရုတ်က ဦးဆောင်နေတာပါ။ ဒါကြောင့်လည်း အနောက်အုပ်စုက တရုတ်ကို  ရေရှည်မှာသူတို့အတွက် စိန်ခေါ်မှုဖြစ်လာမယ်လို့ တထစ်ချယုံကြည်ထားတာ ဖြစ်ပါလိမ့်မယ်။

မငြင်းနိုင်တဲ့တစ်ချက်ကတော့ တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ယှဉ်ရင် လူဦးရေအရလည်း များပြားတယ်။ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာဘွဲ့ရကျောင်းသား အရေအတွက်ကလည်း ၁၀ဆလောက် ပိုများခြင်းပဲဖြစ်ပါတယ်။

တရုတ်နဲ့ရုရှားတို့ဟာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမှာသာမက   စစ်ရေးမှာလည်း  အင်အားခိုင်မာတောင့်တင်းအောင် လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ တရုတ်၊ ရုရှားနဲ့အာရှဒေသတို့မှာ အနှစ် ၃၀ ကြာ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့   Dezan Shira & Associates မှဥက္ကဋ္ဌ ခရစ္စဒက်ဗွန်ရှိုင်းယားအဲလစ်က ပြောပါတယ်။

အခုနှစ်နိုင်ငံခေါင်းဆောင်များရဲ့ တွေ့ဆုံပွဲမှာ   ဒေသတွင်း လုံခြုံရေးကိစ္စကလည်း ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။ သက်တမ်းအားဖြင့် ၂၂ နှစ်ရှိပြီဖြစ်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အင်အားကို ပိုမိုတိုးမြှင့်ဖို့နဲ့ ဘယ်လာရု၊ ဘာရိန်း၊ မော်ဒိုက်၊ မြန်မာ၊ ကူဝိတ်နဲ့  အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကို အဖွဲ့ဝင်နိုင်ငံများအဖြစ် လက်ခံဖို့လည်း   ဆွေးနွေးတယ်လို့ ဆိုပါတယ်။

အနောက်အုပ်စုကတော့ SCO အဖွဲ့ကို သူတို့ရဲ့ NATO တပ်ဖွဲ့အတွက် ခြိမ်းခြောက်မှု ဖြစ်လာမယ်လို့ထင်နေကြပေမယ့်လည်း တကယ်တမ်းမှာ   NATO တပ်ဖွဲ့ကသာ ကမ္ဘာပတ်ပြီး ပြဿနာရှာနေတာဖြစ်ပြီး SCO ဆိုတာ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့အတွက် လုံခြုံရေးစည်းတစ်ခုအနေနဲ့သာ တည်ရှိနေမယ်လို့   ခရစ္စဒက်ဗွန်ရှိုင်းယားအဲလစ်ကပြောပါတယ်။

နောက်တစ်ခုက တရုတ်ဆိုတာ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေတာပါ။ ရုရှားက ယူကရိန်း အထူးစစ်ဆင်ရေးကို   ပထဝီနိုင်ငံရေး စိန်ခေါ်မှုအရ မဖြစ်မနေ လုပ်ရတယ်ဆိုပေမယ့် အနောက်အုပ်စုက မီးလောင်ရာလေပင့်ပြီး ယူကရိန်းကို  စစ်လက်နက်ပစ္စည်းတွေ   ထောက်ပံ့နေတာဖြစ်ပါတယ်။

တရုတ်က ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းတဲ့နေရာမှာ  ဘယ်သူမဆို လက်ခံနိုင်မယ့် အကြံပြုချက် ၁၂ ချက်ကို ထုတ်ဖော်ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ ဥရောပကတော့ အဲဒီအကြံပြုချက်တွေကို ငြင်းဆိုလိုက်တာဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဘယ်သူကတည်ဆောက်နေလဲဆိုတဲ့ အချက်ကို ကွက်ကွက်ကွင်းကွင်း ပေါ်သွားစေပါတယ်။

ကမ္ဘာ့နိုင်ငံအများအပြားဟာ ငြိမ်းချမ်းရေးကိုပဲ လိုချင်ကြတာပါ။

ဒါကြောင့် အခုလိုမျိုး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ဒေါ်လာလွှမ်းမိုးမှုနဲ့ အမေရိကန်ကြီးစိုးမှုတို့ရဲ့ နိဂုံးအတွက် နိဒါန်းဖြစ်လာပြီဖြစ်ကြောင်း  ရေးသားတင်ပြလိုက်ရပါတယ်။

Ref: Sputnik