လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၂၃ ရက်)

လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ

လွန်ခဲ့သောနှစ်ပေါင်း ၁၉၉ နှစ်၊ တိတိကျကျဆိုရလျှင် ခရစ်နှစ် ၁၈၂၄ ခုနှစ်က စတင်ဖြစ်ပွားခဲ့သော အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲသည် မြန်မာတစ်မျိုးသားလုံးအတွက် နာကျည်းခံပြင်းဖွယ် ကောင်းလှသည့် စစ်ပွဲဖြစ်သည်။ မြန်မာ့သမိုင်းတွင် ပြည်ပကျူးကျော်စစ်ကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး မြန်မာတို့၏ ပင်လယ်ကမ်းရိုးတန်းဒေသများကို လက်လွှတ်လိုက်ရသည်။ စစ်ရှုံးခဲ့သည်မို့ စစ်လျော်ကြေးငွေ ကျပ်တစ်ကုဋေကို မြန်မာတို့ကအင်္ဂလိပ်တို့ထံ ထပ်ပေးလိုက်ရသေးသည်။ အရှုံးပေါ် အရှုံးဆင့်ခဲ့သည်။ မြန်မာ တို့၏ စစ်ရေးစစ်ရာလွန်စွာ ကျွမ်းကျင်လှသော သူရဲကောင်းစစ်သူကြီးမဟာဗန္ဓုလ စစ်ပွဲမှာကျဆုံးခဲ့ရသည်။

ထိုဖြစ်ရပ်သည် မြန်မာလူငယ်မျိုးဆက်သစ်တို့ မမေ့သင့်သောသင်ခန်းစာဖြစ်သည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲရှုံးသည်။ ဒုတိယ စစ်ပွဲရှုံးသည်။ တတိယစစ်ပွဲလည်း ရှုံးခဲ့သည်။ နှစ်ပေါင်းတစ်ရာကျော် သူတစ်ပါးတို့ လွှမ်းမိုးအုပ်ချုပ်ခြင်းကို နာကျည်းစွာခံခဲ့ကြ ရသည်။ မမေ့သင့်သော သင်ခန်းစာဖြစ်သည့်အတွက် မျိုးဆက်သစ်လူငယ်များသိစေဖို့ ထိုအကြောင်းအရာ ဖြစ်ရပ်မှန်များကို ကျောင်း သင်ခန်းစာများတွင် ထည့်သွင်း သင်ကြားပေးထားသည်မှာ လွန်စွာမှန်ကန်လှပေသည်။

နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးတို့တွင် မြန်မာတို့များစွာခေတ်နောက်ကျနေခဲ့သည်။ ပညာရေးဟုဆိုရာတွင် ခေတ်မီနည်းပညာ စက်မှုလက်မှု ပညာရပ်တတ်မြောက်ရေးကို အဓိကဆိုလိုခြင်း ဖြစ်သည်။ မင်းတုန်းမင်းကြီးလက်ထက် ကနောင်မင်းသားသည် ခေတ်မီအတွေးအခေါ် အတတ်ပညာများနှင့် ဆုံးရှုံးသွားသော နယ်မြေများပြန်လည်ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားခဲ့သည်။ အောင်မြင်မှုများစွာရှိခဲ့သည်။

သို့သော် မြန်မာတို့၏ အခြေအနေအရပ်ရပ်ကို အစဉ်စောင့်ကြည့်နေကာ မြန်မာတို့ပျက်စီးရေးကိုသာ အစဉ်တစိုက် လုပ်ဆောင်နေ သောနယ်ချဲ့တို့ကား မြန်မာ့နန်းတွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ နောက်ဆုံးတွင် ကနောင်မင်းသားလုပ်ကြံခံရခြင်းဖြင့် မြန်မာတို့၏ ခေတ်မီပညာ၊ ခေတ်မီလက်နက်တီထွင်မှုများ တစ်ခန်းရပ်သွားခဲ့ရသည်။ ထို့ကြောင့် တတိယအကြိမ် ကျူးကျော်စစ် ပြုကာ မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်သွားခဲ့သည်မှာ ဘယ်နည်းနှင့်မျှ မေ့နိုင်စရာမရှိသော ဖြစ်ရပ်ဆိုးသင်ခန်းစာ ဖြစ်ပေသည်။

သူ့ကျွန်အဖြစ် နွံနစ်ခဲ့ရသော အဖြစ်ဆိုးကို ပြန်ပြောင်းလေ့လာလျှင် မြန်မာတို့သည် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန် ပျက်ကွက်ခဲ့ခြင်းဟူသော အဖြေတစ်ရပ်ကို သိရှိနိုင်သည်။ ဒို့တာဝန်အရေးသုံးပါးကို အပြည့်အ၀ ကာကွယ် စောင့်ရှောက်နိုင်မှသာ နိုင်ငံ၏ လွတ်လပ်ရေးခိုင်မြဲမည်ဟူသော အသိကိုထားရှိရမည်ဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာသော တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားလျက်ရှိသည်။ ဒို့တာဝန်အရေးသုံးပါးသည် ရဲဘော်တိုင်း၏ အမျိုးသားနိုင်ငံရေး တာဝန်ဟူ၍လည်း တိတိကျကျသတ်မှတ်ထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ်များမည်သို့ပင် ပြောင်းလဲစေကာမူ တပ်မတော်သည်ကား အမျိုးသားနိုင်ငံရေးတာဝန်ကို ဦးလည်မသုန် ထမ်းဆောင်နေမည်သာဖြစ်သည်။ ထိုသို့ထမ်းဆောင်နေခြင်းကြောင့်လည်း နိုင်ငံတော်ပြိုကွဲမည့်အန္တရာယ်၊ လွတ်လပ်ရေးဆုံးရှုံးမည့် အန္တရာယ်တို့နှင့် ကြုံရတိုင်း တပ်မတော်က ဦးဆောင်ထိန်းသိမ်း ကာကွယ်နိုင်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ခေတ်စနစ်နှင့်လျော်ညီသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာခဲ့သည်။ အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်၏ အနာဂတ်အရေးနှင့် ပတ်သက်၍ တပ်မတော်ကိုတာဝန်များ အပ်နှင်းထားသည်။

နိုင်ငံတော်၏ အခြေခံမူများအခန်း(၁)ပုဒ်မ ၆(စ)တွင် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟူ၍လည်းကောင်း၊ ပုဒ်မ ၂၀(င)တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိသည်ဟူ၍လည်းကောင်း၊ ပုဒ်မ ၂၀(စ)တွင် တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်ဟူ၍လည်းကောင်း သတ်မှတ်ပြဋ္ဌာန်းထားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ခြင်းသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်သည်။

တပ်မတော်သားတို့သည် အထက်ကပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပါမည်ဟု သစ္စာပြုထားသူများ ဖြစ်ကြပေရာ (၇၈)နှစ်မြောက်  တပ်မတော်နေ့ဦးတည်ချက်များတွင် ဖော်ပြပါရှိသည့် “ဒို့တာဝန်အရေး(၃)ပါးကို အပြည့်အဝ အောင်မြင်စွာထိန်းသိမ်းစောင့်ရှောက်ရေး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးနှင့် စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရေးတို့အား တပ်မတော်၏ အဓိကတာဝန်အဖြစ် ထမ်းဆောင်ရေး” ဟူသော ဦးတည်ချက်များအတိုင်း ဆောင်ရွက်နေမည်သာဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။