(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအကြို(လက်ရည်စမ်း)လက်ဝှေ့ပြိုင်ပွဲ ကျင်းပ

 (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအကြို(လက်ရည်စမ်း)လက်ဝှေ့ပြိုင်ပွဲ ကျင်းပ

နေပြည်တော်  မတ်  ၂၂

 

ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လက်ရွေးစင် အားကစားသမား ရွေးချယ်မှုအဖြစ် လက်ရည်စမ်း (လက်ဝှေ့)ပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့အားကစားရုံ၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊  ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ   တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။

ပြိုင်ပွဲများအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် အားကစားသမားများနှင့်တွေ့ဆုံပြီး ကျန်းမာရေးသည်  အထူးအရေးကြီးကြောင်း၊  ကျန်းမာရေးကောင်းမွန်မှ မိမိတို့၏အရည်အသွေး၊ အစွမ်းအစများကို ဖော်ထုတ်ပြသနိုင်မည်ဖြစ်ကြောင်း၊ သွားလာနေထိုင်စားသောက်မှုများကို အထူးဂရုစိုက်ကြရန်လိုကြောင်း၊ လေ့ကျင့်မှုများပြုလုပ်ရာတွင်   ထိခိုက်ဒဏ်ရာမရရှိစေရန်နှင့် လေ့ကျင့်မှုလွန်ကဲခြင်းများ မဖြစ်စေရန် နည်းပြများ၏ သင်ကြားပြသလေ့ကျင့်ပေးမှုအတိုင်း စနစ်တကျလိုက်နာလေ့ကျင့်သွားကြရန်လိုကြောင်း၊ နည်းပြများအနေဖြင့်လည်း အားကစားသမားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးအတွက် တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်မှ အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် မလျှော့သော ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်တို့ဖြင့်   အစွမ်းကုန်ကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

လက်ရည်စမ်း (လက်ဝှေ့)ပြိုင်ပွဲတွင် ဝိတ်တန်းအလိုက် အမျိုးသားပွဲစဉ်များအဖြစ် (၅၁/၅၄)ကီလိုတန်း၊ (၅၇/၆၀)ကီလိုတန်း၊ (၆၃.၅)ကီလိုတန်း၊ (၆၇/၈၀)ကီလိုတန်း ပွဲစဉ် (၄)ပွဲနှင့် အမျိုးသမီးပွဲစဉ် (၅၄^၅၇) ကီလိုတန်းတို့တွင် အားကစားသမား ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး  ယင်းပြိုင်ပွဲမှတစ်ဆင့် အားကစား သမားများ၏ စွမ်းရည်ပေါ်မူတည်၍   လာမည့်ဆီးဂိမ်းပြိုင်ပွဲအတွက် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။