“နှစ်နိုင်ငံသဘောတူညီချက်များနဲ့အညီ နေရပ်စွန့်ခွာတွေပြန်လည်ဝင်ရောက်ဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကတော့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဘက်ဘက်ကနေ အားထုတ်ဆောင်ရွက်သွားဖို

“နှစ်နိုင်ငံသဘောတူညီချက်များနဲ့အညီ နေရပ်စွန့်ခွာတွေပြန်လည်ဝင်ရောက်ဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကတော့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဘက်ဘက်ကနေ အားထုတ်ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။”

ဦးကိုကိုလှိုင် (ပြည်ထောင်စုဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန)

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးကိုကိုလှိုင်  ဦးဆောင်သည့် အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန(AHA Center) မှ ကိုယ်စားလှယ်များသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၈ ရက်နှင့် ၉ ရက်တို့တွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ၊ IDP စခန်းများ၌ ပြောင်းရွှေ့ နေရာချထားမည့် လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့် NVC ကတ်ထုတ်ပေးနေမှုတို့ကို သွားရောက်လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ လေ့လာရေးခရီးစဉ်တွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ၊ IDP စခန်းများ၌ ပြောင်းရွှေ့နေရာချထားမည့် လုပ်ငန်းစဉ်များဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ စကားသံများကိုဖော်ပြလိုက်ရပါသည် -

ဦးကိုကိုလှိုင် (ပြည်ထောင်စုဝန်ကြီး၊

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ရောက်ရှိနေတဲ့ နေရပ်စွန့်ခွာသူတွေကို ရှေ့ပြေးစမ်းသပ်စီမံကိန်း (Pilot Project)တစ်ရပ်နဲ့ ကနဦးစပြီး လက်ခံဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အခုလိုစီစဉ်တဲ့အခါ ပြန်လည်ဝင်ရောက်လာသူတွေကိုလက်ခံဖို့ နိုင်ငံတော်ကနေ ဘယ်လိုပြင်ဆင် ထားသလဲဆိုတာပြသနိုင်ဖို့အတွက် အာဆီယံနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက သံအမတ်ကြီးတွေ၊ သံရုံးအကြီးအကဲတွေနဲ့ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာနက အမှုဆောင် ညွှန်ကြားရေးမှူးနဲ့အဖွဲ့ကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့အကုန်လုံး ခရီးစဉ်မှာ လိုက်လာပြီး လက်တွေ့မြေပြင်မှာ ပြင်ဆင်ထားတာတွေကို လာရောက်ကြည့်ရှု ကြတာဖြစ်ပါတယ်။ ပထမအနေနဲ့ ငါးခူရပြန်လည်လက်ခံရေးစခန်းကို ကြည့်ခဲ့ပါတယ်။ လှဖိုးခေါင်စခန်းကတော့ ကြားစခန်း အနေနဲ့ ပြန်ဝင်လာတဲ့သူတွေကို ပြန်လည်လက်ခံရေးစခန်းမှာ စိစစ်ပြီးရင် ယာယီထားရှိသွားမယ့် စခန်းဖြစ်ပါတယ်။

သူတို့ကို ကြားစခန်းမှာ ခဏထားရှိပြီးရင် နေရာချထားမယ့် ကျေးရွာတွေကို ဆက်လက်ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့  အခုတစ်ကြိမ်နဲ့ဆို ဒီကိုရောက်တာသုံးကြိမ်ရှိပါပြီ။ တစ်ကြိမ်နဲ့ တစ်ကြိမ် အနေအထားလေးတွေ ပိုမိုတိုးတက်လာတာ တွေ့ရပါတယ်။ နေထိုင်စရာဆိုရင်  အရင်တုန်းကပြိုပျက်နေတဲ့ လိုင်းခန်းတွေနဲ့ တည်းခိုစရာနေရာတွေကို ပြန်လည်ဖျက်သိမ်းပြီး အသစ် ပြန်လည်တည်ဆောက်ထားပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကလှူဒါန်းတဲ့ အလွယ်တကူ တပ်ဆင်နိုင်တဲ့ နေအိမ် (ABH) တွေကိုလည်းပြန်ဆင်ပြီး သူ့နေရာနဲ့သူနေလို့ထိုင်လို့ရအောင် စီစဉ်ပေးထားပါတယ်။ ရေတွေ၊ မီးတွေလည်း အကုန်စီစဉ်ထားပါ တယ်။ အခုကြည့်ရတဲ့ အနေအထားကတော့ အင်မတန်ကျေနပ်စရာကောင်းပါတယ်။ တော်တော်များများကို ပြင်ဆင်ထားတဲ့ အနေ အထားမျိုးဖြစ်ပါတယ်။ ဒီနေရာမှာ မိသားစုတွေ ယာယီနေထိုင်ရမှာဆိုပေမယ့်လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနကနေ ကလေးတွေထားဖို့အတွက် ကလေးပျော်နေရာတွေ၊ အမျိုးသမီးတွေအတွက် သက်မွေးသင်တန်း ပေးတာတွေ၊ ချက်ဖို့ပြုတ်ဖို့ မီးဖိုချောင်သုံးပစ္စည်းတွေ၊ အဝတ်အထည်တွေ ထောက်ပံ့တာတွေကို ဒီမှာ အကုန်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ သံတမန်လေ့လာရေးအဖွဲ့က  အခုချိန်ထိ   ဒီဘက်ကိုမရောက်ဘူးကြတော့ သူတို့အတွက်လည်း ပထမဆုံး အတွေ့ အကြုံဖြစ်ပြီး ဒီမှာဘာတွေဖြစ်နေလဲဆိုတာ သိချင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ပြင်ပမီဒီယာတွေဖော်ပြထားတာက အဆိုးမြင် ပေါ့။  တော်တော်များများက ပြောနေ ကြတာရှိပါတယ်။ မြန်မာဘက်က ပြန်ဝင်လာသူတွေကို လက်မခံချင်ကြဘူး။ ပူးပေါင်း ဆောင်ရွက်မှုမရှိဘူးလို့ ထင်မြင်နေကြပါတယ်။  တကယ်က  ပြန်လည်လက်ခံဖို့ အဆင်သင့်ဖြစ်နေတာကြာပါပြီ။ အဆင်သင့်ဖြစ်တာ ကြာနေပြီဖြစ်ပြီး ဟိုဘက်ကပြန်မပို့နိုင်တဲ့အတွက်ကြောင့် အဆောက်အအုံတွေဆိုရင်  အတော်လေးပြန်လည် ပြင်ဆင်ထားရတာ တွေရှိပါတယ်။ ဒါတွေကို သူတို့တွေမျက်ဝါးထင်ထင်မြင်သွားတဲ့ အနေအထားရှိပါတယ်။

ဒီလုပ်ငန်းစဉ်ကို ဆောင်ရွက်နေတာ ကျွန်တော်တို့  ဝန်ကြီးဌာနတစ်ခုတည်းမဟုတ်ပါဘူး။ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်   ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ   ညှိနှိုင်းပေါင်းစပ်ရေးကော်မတီအောက်မှာရှိတဲ့ လုပ်ငန်းကော်မ တီတွေကနေဦးဆောင်ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလုပ်ငန်းကော်မတီတွေမှာပါဝင်တဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အားလုံးနဲ့ ပေါင်းစပ်ပြီး တက်ညီလက်ညီလုပ်တဲ့အတွက်ကြောင့် အခုဆိုရင် တော်တော်လေးအောင်အောင်မြင်မြင်ဖြစ်လာတယ်။  အထူးသဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာဒေသကအုပ်ချုပ်ရေးမှူးတွေကလည်း ဒီမှာတော်တော်များများအချိန်ပေးပြီး လုပ်ကိုင်ပေး ကြတာတွေ့ရပါတယ်။   အဲဒီအတွက်လည်း အများကြီးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံး လုပ်ဆောင် စရာရှိတာတွေကို ဆောင်ရွက်ပြီး နှစ်နိုင်ငံ သဘောတူညီချက်များနဲ့အညီ နေရပ် စွန့်ခွာတွေ ပြန်လည်ဝင်ရောက်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒီဘက်ကို ပြန်လည်ရောက်ရှိရင်လည်း သူတို့နေထိုင်စားသောက်ဖို့အတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကိုလည်း တတ်နိုင် သမျှပံ့ပိုးပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒေသခံတိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီက တစ်ဖက်တစ်လမ်းကနေ တန်းတူမျှမျှတတ အားလုံးဖွံ့ဖြိုးတိုးတက်သွားအောင်  ဝိုင်းဝန်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းပြီး  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက် ဘက်ကနေ အားထုတ် ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။

ဦးထိန်လင်း(ရခိုင်ပြည်နယ်ဝန်ကြီးချုပ်)

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်နေတဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းဆိုရင် အရင်ထက်စာရင် အခြေအနေ တိုးတက် လာတာတွေရှိပါတယ်။  လက်ရှိ Pilot Project နဲ့ပတ်သက်ပြီး ပြည်ထောင်စုအဆင့်ကနေ စနစ်တကျဆောင်ရွက်နေတဲ့အပေါ်မှာ ကျွန်တော်တို့ အစိုးရအဖွဲ့က လိုအပ်တာတွေကို ပံ့ပိုးကူညီဆောင်ရွက်နေပါတယ်။  ဦးစားပေးအနေနဲ့  လမ်းတွေ၊ အဆောက်အအုံတွေ ကောင်းမွန်အောင်၊ လျှပ်စစ်မီး၊ ရေရရှိရေး၊ သူတို့နေထိုင်ရေးနဲ့ ပြန်လည်လက်ခံတဲ့အခါမှာလည်း စနစ်တကျ အဆင့်ဆင့် လက်ခံဆောင်ရွက်မှာဖြစ်တဲ့အတွက် စနစ်တကျဆောင်ရွက်လျက်ရှိပါတယ်။ ပြန်လည်လက်ခံတဲ့အခါ ပထမအဆင့်အနေနဲ့ ကြားစခန်းမှာ ယာယီထားရှိမယ်။ သူတို့အတွက် နေရာချထားဖို့ ကျေးရွာတွေ သတ်မှတ်ထားပါတယ်။ အဲဒီကျေးရွာတွေမှာလည်း လူနေမှုအဆင့်အတန်း မြင့်မြင့်မားမားနဲ့နေနိုင်အောင် စနစ်တကျအိမ်ရာတွေ တည်ဆောက်ထားတယ်။ လိုအပ်တဲ့ အခြေခံ အဆောက်အဦတွေကိုလည်း နေရာချထားမယ့် ကျေးရွာ ၁၅ ရွာမှာဆောင်ရွက်ထားပါတယ်။ ဝင်ရောက်လာတဲ့အပေါ်မှာမူတည်ပြီး အဆင့်ဆင့်ဆောင်ရွက်သွားဖို့ စီမံထားပါတယ်။

ပြည်နယ်အတွင်းမှာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်သလို တစ်ဖက်ကလည်း ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ တည်ငြိမ်အေးချမ်းမှုရှိမှ ဖွံ့ဖြိုးတိုးတက်မှုရှိတာမှန်သလို ဖွံ့ဖြိုး တိုးတက်မှုရှိခြင်းကလည်း တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုတယ်ဆိုတာ ယုံကြည်ထားပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့     လမ်းညွှန်ချက်နဲ့အညီ ကျွန်တော်တို့  ပြည်နယ်မှာ ရေခံမြေခံ ကောင်းတွေရှိတဲ့အတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံပြီး အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဟာ ပြည်နယ်အတွက် အကျိုးရှိ သလို နိုင်ငံတော်အတွက်လည်း အကျိုးရှိတာဖြစ်တဲ့အတွက် ဦးစားပေးဆောင်ရွက်နေပါတယ်။ နိုင်ငံတော်ကလည်း လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်ဖို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကနေ ချေးငွေတွေပေးထားတာရှိပါတယ်။ ဒါတွေကို အကျိုးရှိစွာ အသုံးချနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ပြည်နယ်မှာလိုအပ်တာရှိရင် ပြည်ထောင်စုအဆင့်ရဲ့ လမ်းညွှန်ချက်နဲ့အညီ အစိုးရအဖွဲ့၊ လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။

မစ္စတာ မုံခွန်း ဝိစစ်စတန်

(မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး)

ရခိုင်ပြည်နယ်ကို ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လွန်ခဲ့တဲ့လေးလကမှ မြန်မာနိုင်ငံကိုရောက်ရှိ တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပါတယ်။ အခုလေ့လာရေးခရီးစဉ်ကို  နိုင်ငံခြားရေးဝန်ကြီးဌာနကစီစဉ်ဆောင်ရွက်ပေးတာကြောင့် ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးအတွက် မြေပြင်မှာ ပြင်ဆင်ဆောင်ရွက်နေတဲ့ အခြေအနေ တွေကို ကိုယ်တိုင်မျက်မြင်လေ့လာသိရှိခွင့်ရရှိပါတယ်။ မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က နေရပ်ပြန်လာမယ့်သူတွေကို ပြန်လည် လက်ခံဖို့အတွက် ကောင်းမွန်စွာ ပြင်ဆင်ဆောင်ရွက်ထားတာတွေကို တွေ့မြင်ရပါတယ်။ အခုလို ပြင်ဆင်ဆောင်ရွက်ထား တာတွေကို အကျိုးရှိစေဖို့အတွက် ဘယ်လိုရှေ့ဆက်ဆောင်ရွက်သွားကြမယ်ဆိုတာကို မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားနိုင်မယ်လို့မျှော်လင့်ပါတယ်။ ပြန်လည်လက်ခံရေးအတွက်အသုံးပြုမယ့် အဆောက်အအုံများဟာ တည်ဆောက်ထားတာ နှစ်နှစ်၊ သုံးနှစ်ကျော်ရှိပြီဖြစ်ပြီး ပြန်ဝင်လာမယ့်သူတွေကို လက်ခံထားရှိနိုင်တဲ့ အခြေအနေမှာရှိပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေ ဆောင်ရွက်နေတာရှိပါတယ်။ ဥပမာအားဖြင့် မောင်တောမှာ ဆန်စက်တည်ဆောက်မယ့် စီမံကိန်းဖြစ်ပါတယ်။ နောက် ငါးမွေးမြူရေးလုပ်ငန်းအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း ပို့ချတာလည်းရှိပါတယ်။ ဆန်စက်မှာ စက်ပစ္စည်းတွေတပ်ဆင်ဖို့နဲ့ ငါးကန်တူးဖော်ဖို့တို့အတွက် နည်းပညာရှင်တွေလည်း စေလွှတ်သွားဖို့ရှိပါတယ်။ အဆင့်မြင့် စိုက်ပျိုးရေးစက်ကိရိယာများအသုံးပြုပြီး စိုက်ပျိုးရေးနည်းစနစ်တွေ သင်ကြားပို့ချတာလည်း ရှိပါတယ်။ အဲဒီအတွက် စက်ပစ္စည်းအနေနဲ့ လယ်ထွန်စက် ၁၆ စီးကို လှူဒါန်းထားပါတယ်။ ဒါ့အပြင်စင်တာမှာသုံးဖို့အတွက်လည်း   မော်တော်ဆိုင်ကယ် ခြောက်စီး လှူဒါန်းထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံဖို့ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ပူးပေါင်းကြိုးပမ်း ဆောင်ရွက် နေတာတွေကို ထောက်ခံပါတယ်။  ဒီနေ့တွေ့မြင်နေရတဲ့ အဆောက်အအုံတွေ၊ သက်မွေးသင်တန်း ဖွင့်လှစ်သင်ကြားပေးနေမှုတွေ၊   ငါးခူရကျေးရွာနေသူတွေအတွက် ဆောင်ရွက်ထားရှိမှုတွေဟာ ကျေနပ်အားရစရာကောင်းပြီး မြန်မာအစိုးရရဲ့ အားထုတ်ကြိုးပမ်းမှု တွေကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။

ဦးသိန်းဌေးဦး(အမြဲတမ်းအတွင်းဝန်၊ နယ်စပ်ရေးရာဝန်ကြီးဌာန)

နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံဖို့ ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ခုနှစ်ကတည်းက လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက သူတို့ဆီကနေ အင်အား နှစ်ထောင်၊ သုံးထောင် လာမယ်ဆိုပြီး အကြောင်းအမျိုးမျိုးကြောင့် ပြန်မလာဖြစ်ခဲ့ကြပါဘူး။ ပြန်မလာဖြစ်ကြတဲ့ အတွက် ကြောင့် နှစ်နိုင်ငံဆွေးနွေးပြီး ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေကို ကြိုတင်ပြင်ဆင်ထားတဲ့ အကြောင်းကို သိစေချင်ပါတယ်။  သူတို့ကို ယခင်က ပြန်လည်လက်ခံဖို့ဆောင်ရွက်ခဲ့ရာမှာ သူတို့အနေနဲ့ ယုံကြည်စိတ်ချစွာ ပြန်လာနိုင်ကြောင်းနဲ့ ပြန်လည် လက်ခံရေးမူ (၅) ရပ်နဲ့အညီ ပြန်လည်လက်ခံမယ်ဆိုတဲ့အကြောင်းကို သိရှိအောင် ကြိုတင်ပြီး အကြောင်းကြားထားပါတယ်။ အကြောင်းကြားထားပေမယ့်လည်း သူတို့ကို ဖိအားပေးမှု၊ ထိန်းချုပ်မှုတွေကြောင့် ပြန်မလာခဲ့ကြပါဘူး။ အဲဒီလိုပြန်မလာတဲ့အခါ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကျွန်တော်တို့ဆီက လက်မခံချင်လို့ဆိုပြီး ထင်သွားပါတယ်။ ကျွန်တော်တို့ လက်ခံဖို့အတွက် အစိုးရက မြန်မာကျပ်ငွေ ၅ ဘီလီယံလောက်အကုန်အကျခံပြီး ပြင်ဆင်ထားတာတွေကိုသိရှိအောင် အခုလို သံတမန်တွေကို ဖိတ်ကြား ပြသခြင်းဖြစ်ပါတယ်။

အခု  စီစဉ်ဆောင်ရွက်နေတဲ့ Pilot Project ကတစ်ဆင့်  ဝင်လာလို့ရှိရင် လောလောဆယ် ပြန်လည်လက်ခံရေး စခန်းတွေ အနေနဲ့ တောင်ပြိုလက်ဝဲ၊ ငါးခူရစခန်းတွေမှာ စိစစ်လက်ခံပြီး လှဖိုးခေါင်ကြားစခန်းမှာ နှစ်လလောက် သူတို့ကိုခဏထားပါမယ်။ အဲဒီမှာ ခဏထားပြီး မောင်တော မြောက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၁၅ ရွာမှာ မြေကွက်တွေရိုက်ထားပါတယ်။ သူတို့ ပြန်လည် လုပ်ကိုင် စားသောက်ဖို့အတွက် အဲဒီအနီးမှာ လယ်ယာမြေတွေလည်း အဆင်သင့်ရှိပါတယ်။ သူတို့ အသက်မွေးဝမ်းကျောင်းအတွက်   ရေတိုရေရှည် ပြန်လည်လုပ်ကိုင်စားသောက်ဖို့ စီစဉ်ထားပါတယ်။ ဒီလိုစီစဉ်ထားတာတွေကိုလည်း သူတို့ကိုသိစေချင်ပါတယ်။ ပြန်လာမယ့် သူတွေအားလုံးကို ပြန်မလာစေချင်တဲ့သူတွေက တားဆီးထားသလိုဖြစ်နေပါတယ်။ နိုင်ငံကနေ ထွက်ခွာသွားတုန်း ကလည်း ကျွန်တော်တို့က နှင်ထုတ်ခဲ့တာမဟုတ်ပါဘူး။ သူတို့သဘောနဲ့ သူတို့ထွက်သွားတာပါ။ ဒါပေမဲ့ နိုင်ငံတကာအမြင် က ကျွန်တော်တို့ နိုင်ငံကိုအပြစ်မြင်နေပါတယ်။ 

ကျွန်တော်တို့ အခုလိုလုပ်ထားတာတွေကို သူတို့ကိုသိစေချင်ပါတယ်။ ပြန်လည်လက်ခံဖို့အတွက် ငွေကုန်ကြေးကျ မြောက်မြားစွာ ကျခံပြီး လုပ်ပေးထားပါတယ်။ နေထိုင်စားသောက်ဖို့အတွက်လည်း ရခိုင်ပြည်နယ်အစိုးရ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကနေ သူတို့ကို တစ်လစာ ဆက်ပြီးထောက်ပံ့ပေးထားမယ်။ ကမ္ဘာရဲ့ အမြင်မှာ ကျွန်တော်တို့ လက်ရှိမြေပြင် သတင်းမှန်တွေကိုမကြားဘူး။ သတင်းမှန်တွေကိုသိအောင် သံတမန်တွေကိုခေါ်ပြီး ရှင်းပြရခြင်း ဖြစ်ပါတယ်။ Pilot Project အရ ပထမဆုံးဦးရေ ၁၅၀၀ ခန့် လက်ခံမယ်။ အကြောင်းတော့ မပြန်လာသေးဘူး။ Pilot Project ပြီးသွားတာနဲ့ မောင်တောမြောက်ခြမ်းမှာရှိတဲ့သူတွေကို ဦးစားပေးပြီး လူဦးရေ ၅၀၀၀ ကျော်၊ အိမ်ထောင်စု ၁၅၀၀ ကိုဆက်ပြီး လက်ခံသွားနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်သွားဖို့ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးဖွားတဲ့သူတွေကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတရားရုံးက မွေးဖွားကြောင်းထောက်ခံချက်နဲ့ ကျွန်တော်တို့ နိုင်ငံမှာနေခဲ့ဖူးတဲ့ မိဘတွေက မွေးတယ်ဆိုတာမှန်ရင် ကျွန်တော်တို့လက်ခံမှာပါ။ ကျေးရွာ ၁၅ ရွာမှာ မြေကွက် ၇၅၀ လျာထား ပါတယ်။ ထပ်ဝင်လာလို့ရှိရင် နောက်ထပ်မြေကွက်တွေထပ်မံဖော်ထုတ်ပြီး စနစ်တကျ ပြန်လည်နေရာချထားမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ မွေးဖွားခဲ့တဲ့သူ၊ နေခဲ့ တဲ့သူဖြစ်ဖို့တော့လိုပါတယ်။ ကျွန်တော်တို့ ဆီမှာ အရင်တုန်းကသူတို့ကိုဆွဲတင်စစ်ဆိုပြီး မြေပုံဆွဲစစ်ဆေးကောက်ခံထားတဲ့ မှတ်တမ်းတွေရှိပါတယ်။ ဒီအချက်အလက်တွေနဲ့ ကိုက်ညီပြီး အချက်အလက်မှာပါဝင်တဲ့ လူဦးရေမှန်ရင်၊ ရာဇဝတ်မှု တစ်စုံတစ်ရာ ကျူးလွန်မထားဘူးဆိုရင် ဆက်ပြီးတော့ လက်ခံသွားမှာပါ။ လုံခြုံရေးအပိုင်းအနေနဲ့ နေရာချထားမယ့် ကျေးရွာ ၁၅ ရွာအနီးမှာ ရွေးချယ်ပြီး လုံခြုံရေးပိုင်းကိုတာဝန်ယူဆောင်ရွက်မယ့်  ရဲစခန်းတွေကို နေရာချပေး ထားပါတယ်။ ကျွန်တော်တို့နိုင်ငံက ရွှေ့ပြောင်းသွားတဲ့သူတွေကို အတင်းတွန်းလွှတ်တာမဟုတ်သလို ကျွန်တော်တို့နိုင်ငံရဲ့ ဥပဒေအတိုင်း နေမယ်ဆိုရင် ပြန်ဝင်လာဖို့ကို အမြဲတမ်းကြိုဆိုနေပါတယ်။         

ဒေါက်တာကိုကိုနိုင် (အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)

စစ်တွေမြို့မှာရှိတဲ့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှာ ဖွင့်လှစ်ထားတဲ့ အခြေခံစက်ချုပ်သင်တန်းဖြစ်ပါတယ်။ အခု ဒီသင်တန်းမှာ ဒေသခံတိုင်းရင်းသူတွေနဲ့  ယာယီခိုလှုံရာစခန်း (IDP) မှာရှိတဲ့ အမျိုးသမီးတွေ အတူတကွ  လာရောက် သင်ကြား နေပါတယ်။ ဒီသင်တန်းကနေတစ်ဆင့် သူတို့တွေ ဘဝရပ်တည်နိုင်ဖို့ သက်မွေးပညာတွေရပါမယ်။ ဒီလုပ်ငန်းတွေ တတ်ကျွမ်းသွားတဲ့ အပြင် လူမှုသဟဇာတဖြစ်မှုနဲ့ ပေါင်းစည်းညီညွတ်မှုကို အတူတကွ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ရည်ရွယ်ချက်အတူတူရှိတဲ့ လုပ်ငန်းတွေမှာ အတူယှဉ်တွဲလုပ်ဆောင်ခြင်းအားဖြင့် လူမှုသဟ ဇာတဖြစ်မှုကို အထောက်အကူပြုစေတယ်။ အသိုင်းအဝိုင်း အချင်းချင်း ပေါင်းစည်းမှု ဆက်သွယ်မှုဆိုတာ လူ့ဘောင်မှာ မရှိမဖြစ်လုပ်ရတဲ့ ကဏ္ဍဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက်မှာ အမျိုးသမီးတွေအတွက် ဝင်ငွေတိုးလုပ်ငန်းတွေလုပ်နိုင်သလို လူမှုသဟဇာတဖြစ်မှုနဲ့ ပေါင်းစည်းမှုကိုလည်း ဖြစ်စေပါတယ်။ အမျိုးသမီးတွေ၊ ကလေးတွေက တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကျွမ်းဝင်မှုရရှိပြီး တစ်ယောက်နဲ့တစ်ယောက် အတွေ့အကြုံ တွေကိုဖလှယ်ကြဖို့ ရည်ရွယ်ပြီး သင်တန်းကို ဖွင့်တာဖြစ်ပါတယ်။ သင်တန်းမှာ ဒေသခံတိုင်းရင်းသူနဲ့ IDP စခန်းကအမျိုးသမီး  စုစုပေါင်း ၅၀ ဦး တက်ရောက်သင်ကြားနေပါတယ်။

ဦးအာကာမြင့် (လက်ထောက်ညွှန်ကြားရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)

ကျောက်တစ်လုံး IDP စခန်းပြောင်းရွှေ့ဖို့အတွက် မတ်လကုန် အပြီးပြောင်းရွှေ့နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါတယ်။ IDP စခန်း အတွင်းမှာရှိတဲ့ အိမ်ထောင်စု ၃၇၅ စုကို ပြောင်းရွှေ့ဖို့စီစဉ်နေပါတယ်။ အိမ်တွေကို ဆောက်လုပ်ထားတာကတော့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကတည်းက စတင်ဆောက်လုပ်ထားတာဖြစ်ပါတယ်။ အိမ်ခြေပေါင်းအလုံးရေ ၃၉၆ လုံးဆောက်လုပ်ထားပါတယ်။ ပြောင်းရွှေ့ဖို့ ပထမပိုင်းအနေနဲ့ IDP စခန်းမှာစာရင်းရှိထားတဲ့ လူတွေကို အရင်ဆုံးပြောင်းရွှေ့ပါမယ်။ ဒုတိယပိုင်းအနေနဲ့ မိမိတို့ရဲ့ ကျေးရွာတွေကို ပြန်လို့မရတဲ့သူတွေကို ရွှေ့ပါမယ်။

IDP စခန်းမှာရှိတဲ့သူတွေအားလုံးက ကျောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ သူတွေဖြစ်ပါတယ်။ ဒီမှာတော့ သူတို့တွေနေထိုင်နိုင်ဖို့အပြင် ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းနဲ့ လုံခြုံရေးရဲကင်းတွေကိုလည်း ဆောက်လုပ်ထားပါတယ်။ ရေရရှိရေးအတွက် ရေကန်တွေ ဆောက်လို့ပြီးပါပြီ။ လမ်းတွေနဲ့ လျှပ်စစ်မီးကအစသွယ်တန်းပြီးဖြစ်ပါတယ်။ နေအိမ်တွေဆိုရင် အသင့်နေထိုင်နိုင်အောင် ဆောင်ရွက် ပြီးဖြစ်ပါတယ်။ နိုင်ငံတော်ကနေ ကျပ်ငွေဘီလီယံကျော် အကုန်အကျခံပြီး နေထိုင်စားသောက်ဖို့အတွက် အားလုံး ဆောင်ရွက်ပေး ထားတာဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်း - ဟိန်းမင်းစိုး

ဓာတ်ပုံ - HMS