စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် အမှတ်စဉ်(၉၁)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၉၁)

ထိုင်းနိုင်ငံသားတွေ လျှပ်စစ်ဘယ်လောက်သုံးနေပြီလဲ

ထိုင်းနိုင်ငံရဲ့လူဦးရေဟာ ၂၀၁၈ ခုနှစ်စာရင်းအရ ၆၉ သန်းရှိပါတယ်။ ဗန်ကောက်မြို့ဧရိယာတစ်ခုတည်းမှာပဲ လူဦးရေ ၈ သန်းကျော်ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ ၂၀၁၈ ခုနှစ် တစ်နှစ်အတွင်းသုံးစွဲခဲ့တဲ့ လျှပ်စစ်ဓာတ်အားဟာ ယူနစ်သန်းပေါင်း ၁၆၈၀၀၀ ရှိတဲ့အတွက် ပျမ်းမျှလူတစ်ဦးချင်းစီရဲ့ တစ်နှစ် လျှပ်စစ်ဓာတ်အားသုံးစွဲမှုဟာ၂၄၃၆ ကီလိုဝပ်နာရီ(ယူနစ်)အထိ ရောက်ရှိနေပါတယ်။ မြန်မာနိုင်ငံသားတစ်ဦး တစ်နှစ်သုံးစွဲခွင့်ရတဲ့ဓာတ်အားဟာ ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် ၃၀၀ ကီလိုဝပ်နာရီ(ယူနစ်)(ပျောက်ဆုံးမှုနုတ်ပြီး တွက်ချက်သည်) သာဖြစ်တဲ့အတွက် လူတစ်ဦးတိုင်းဟာ မြန်မာနိုင်ငံသားတစ်ဦးထက် ရှစ်ဆခန့် ဓာတ်အားပိုမိုသုံးစွဲနိုင်တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံသားတွေ ဒီနှုန်းနဲ့သုံးနိုင်ဖို့ အုပ်ချုပ်သူတွေကိုယ်တိုင် အားအပြည့်ထည့်မယ်၊ နိုင်ငံရေးလည်း တည်ငြိမ်မယ်၊ စီမံခန့်ခွဲမှုလည်း မှန်ကန်မယ်၊ လူမှန်နေရာမှန်လည်း သုံးစွဲမယ်၊ လူနည်းစုကန့်ကွက်မှုတွေကိုလည်း ဖြေရှင်းနိုင်မယ်၊ ပြည်သူကလည်း ကူမယ်ဆိုရင်တောင် ဒီအဆင့်ကိုရောက်ဖို့ နောက်ထပ် နှစ် ၂၀ ခန့် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ ကြိုးပမ်းရာမှာလည်း အထက်ကဖော်ပြခဲ့သလို ထိုင်းနိုင်ငံစဉ်းစားနည်းမျိုး မစဉ်းစားဘဲ ဓာတ်အားရဖို့အဓိကပဲ၊  ဘာနဲ့ဓာတ်အားထုတ်ထုတ်ရတာပဲလို့သာ ဆုံးဖြတ်ခဲ့ရင် ထိုင်းနိုင်ငံထက် ပိုပြီးဈေးကြီးတဲ့ ဓာတ်အားခတွေကို ပြည်သူက ပေးကြရတော့မှာဖြစ်လို့ ခုတ်ရာတလွဲ ရှရာတခြားဖြစ်မှာ  ဧကန်မလွဲပါလို့သာ  ဆိုချင်ပါတယ်။  ဈေးနှုန်းနှိုင်းယှဉ်မှုကိစ္စများကို  သီးခြားဖော်ပြတဲ့အခါ   အခုဖော်ပြလိုက်တဲ့ ရည်ရွယ်ချက်ကို ပိုပြီးသဘောပေါက်လာကြမှာပါ။

ဗီယက်နမ်စွမ်းအင်ဗျူဟာ

ဗီယက်နမ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ကို မျက်နှာပြုထားပါတယ်။ ဧရိယာစတုရန်းကီလိုမီတာ ၃၃၁၂၁၀ ကျယ်ဝန်းတဲ့အတွက် မြန်မာနိုင်ငံရဲ့ထက်ဝက်သာသာပဲ ရှိတဲ့နိုင်ငံပါ။ ရေမြေရာသီဥတုကတော့ အမြင့်ပိုင်းဒေသ တချို့ဟာ အအေးပိုပြီး တောင်ပိုင်းဗီယက်နမ်ဟာ မြန်မာ့ကမ်းရိုးတန်းရာသီဥတုနဲ့ ဆင်တူပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်တာရယ်၊ ၁၉၇၅ ခုနှစ်အထိ အမေရိကန်ကျူးကျော်စစ်ပွဲကို တွန်းလှန်နေခဲ့ရလို့ တစ်နိုင်ငံလုံး ရစရာမရှိအောင် ပျက်စီးနေခဲ့ပေမယ့် ယနေ့ဖွံ့ဖြိုးမှုအရှိန်ကောင်းနေတာရယ်၊ မကြာမီ အာဆီယံကျားတစ်ကောင် ဖြစ်တော့မှာ ဖြစ်တာရယ်ကြောင့် နမူနာယူစရာတွေ အများကြီးရှိနေလို့ အနည်းငယ်အကျယ်ရှင်းပြပါမယ်။

ဗီယက်နမ်နိုင်ငံသားတွေ ဘယ်လောက်ရုန်းကန်ခဲ့ကြရသလဲ

ဗီယက်နမ်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်မတိုင်မီက ပြင်သစ်ကိုလိုနီနိုင်ငံတစ်နိုင်ငံပါ။ ၁၉၄၀ ပြည့်နှစ်မှာ ဂျပန်က သိမ်းပိုက်လိုက်တယ်။ ၁၉၁၄ ခုနှစ်မှာ ဗီယက်နမ်အနောက်မြောက်ပိုင်းက ဒိန်ဘင်ဗူး (Dien Bien Phu) ဆိုတဲ့ ခံတပ်ကျသွားလို့ ပြင်သစ်တို့က ၁၇ ဒီဂရီမျဉ်းပြိုင်ကို ဗဟိုထားပြီး တောင်နဲ့မြောက်ဗီယက်နမ်ဆိုပြီး နှစ်ပိုင်းခွဲအုပ်ချုပ်ဖို့ ညှိခဲ့ကြတယ်။ မြောက်ပိုင်းကို ဟိုချီမင်းကအုပ်ချုပ်ပြီး တောင်ပိုင်းကို ဧကရာဇ် ဘော်ဒိုင်း (Boa Dai) က အုပ်ချုပ်တယ်။ တောင်ပိုင်းမှာ အရင်းရှင်ပြင်သစ်ရှိနေပြီး မြောက်ပိုင်းမှာ တရုတ်ကွန်မြူနစ်ရှိနေတယ်။ ၁၉၄၂ခုနှစ်နောက်ပိုင်းမှာ ဂျပန်လက်အောက်ရောက်သွားခဲ့တယ်။ ၁၉၄၅ ခုနှစ်မှာ ဂျပန်လက်အောက်ကနေ ပြင်သစ်ကိုလိုနီဘ၀ ပြန်ရောက်ခဲ့ပါတယ်။ ဟိုချီမင်းဦးဆောင်ပြီး ၁၉၄၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်ကစပြီး ပြင်သစ်ကို တော်လှန်ခဲ့တယ်။ ထိုစဉ်က မြောက်ဗီယက်နမ်ကို တရုတ်နိုင်ငံက အလုံးအရင်းနဲ့ ပံ့ပိုးပေးခဲ့တယ်။

မူလက ဗီယက်နမ်တစ်နိုင်ငံတည်းရှိနေရာကနေ အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ပြင်သစ်က တောင်ပိုင်းခြမ်းမှာ နေရာဝင်ယူပြီး တောင်တရုတ်ပင်လယ်ရဲ့အချက်အချာနိုင်ငံအဖြစ် ခြေကုပ်ယူထားတယ်။ ဟိုချီမင်းကလည်း တစ်နိုင်ငံတည်းဖြစ်အောင် ၁၉၅၀ ပြည့်လွန်နှစ်များကစပြီး  နည်းမျိုးစုံနဲ့  တောင်ပိုင်းနဲ့မြောက်ပိုင်းကိုပေါင်းဖို့ ကြိုးစားတယ်။ နောက်ပိုင်းမှာ စစ်စရိတ်ပိလာတဲ့အတွက် ပြင်သစ်က လက်ရှောင်သွားပေမယ့် သူ့နေရာမှာ အမေရိကန်က အစားဝင်ယူသွားခဲ့တယ်။ အမေရိကန်နဲ့ မြောက်ဗီယက်နမ်စစ်ပွဲ အကြီးအကျယ်ဖြစ်ခဲ့တယ်။ ၁၉၆၄ ခုနှစ်က စခဲ့တဲ့စစ်ပွဲဟာ ၁၉၇၅ ခုနှစ်အထိ ကြာခဲ့တယ်။

ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလတစ်လျှောက်မှာ အကြီးမားဆုံးနဲ့ ကမ္ဘာမှာ အမေရိကန်ကျူးကျော်မှု အကြီးဆုံးစစ်ပွဲဖြစ်ခဲ့တယ်။ အမေရိကန်ရဲ့  ကျူးကျော်နှိမ်နင်းမှုကလည်း  အံ့မခန်းကြောက်စရာပါ။

အဲဒီတုန်းက အမေရိကန်ဟာ ကမ္ဘာမှာ အကြီးဆုံးလို့ဆိုရမယ့် ဘီ ၅၂ ဗုံးကြဲလေယာဉ်ပေါင်း ရာချီအသုံးပြုပြီး ဗုံးကြဲခဲ့တာပါ။ ဗီယက်နမ်ရဲ့ ပြောက်ကျားစစ်ဗျူဟာကို ချေမှုန်းဖို့ လေယာဉ်တွေပေါ်ကနေ သစ်ရွက်တွေအားလုံးကြွေစေမယ့် ဆေးပါဖျန်းပြီး လေယာဉ်တွေပေါ်ကနေ မြင်ရာလူကို ပစ်သတ်ခဲ့တာပါပဲ။ အဲဒီတုန်းက အမေရိကန်ရဲ့ရက်စက်မှုဟာ ဗီယက်နမ်တစ်ဦးသေဖို့ ပျမ်းမျှ ဗုံး ၇၅ လုံး၊ အမြောက်ကျည်ဆန် ၄၀၀ အထိ သုံးစွဲခဲ့တယ်လို့ ၁၉၆၇ ခုနှစ် လိုက်(ဖ်)မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ ဗီယက်နမ်ကို အမေရိကန်ကျူးကျော်ရာမှာ  အမေရိကန်စစ်သား ၅၄၉၀၀၀ အထိ သုံးခဲ့တယ်လို့ဆိုပါတယ်။ ဒီလောက်ကြီးမားတဲ့ ကျူးကျော်စစ်ဆင်ရေးမှာ စင်ကာပူက ကြားထဲက အမြတ်ထုတ်ခဲ့တာပါပဲ။ လေယာဉ်တင်သင်္ဘောတွေ၊ လေယာဉ်တွေဆီဖြည့်ဖို့ စင်ကာပူဟာရေနံချက်လုပ်မှုနဲ့ကြီးပွားခဲ့သလို   အမေရိကန်စစ်သား ငါးသိန်းကျော်အတွက် ရိက္ခာပံ့ပိုးရေးကို စင်ကာပူက လုပ်ခွင့်ရသွားခဲ့ပါတယ်။ ဒေသတွင်း ဂုဏ်သိက္ခာမဲ့တဲ့အလုပ်ကို စင်ကာပူလုပ်ခဲ့တယ်။ သို့သော် ၁၉၇၆ ခုနှစ်ဇူလိုင်လ ၂ ရက် ဗီယက်နမ်တွေ လွတ်လပ်ရေးရသွားတဲ့အချိန်မှာ စင်ကာပူဟာ အတော်တုန်လှုပ်ခဲ့ဖူးပါတယ်။

အမေရိကန်တွေ ခြေလွတ်လက်လွတ် လက်နက်တွေပါစွန့်ပစ်ခဲ့ပြီး ထွက်ပြေးကြရတယ်။ ဒီမှာပဲ တောင်နဲ့မြောက်ဗီယက်နမ်နှစ်ခုကွဲနေရာကနေ ပြန်ပေါင်းသွားတော့တယ်။ ဒါမျိုး ၁၉၅၀ ပြည့်နှစ်မှာ ကိုရီးယားနှစ်နိုင်ငံကွဲပြီး စစ်အကြီးအကျယ်ဖြစ်ခဲ့တုန်းကလည်း တောင်ကိုရီးယားဘက်က အမေရိကန်ကဝင်ပြီး ကျူးကျော်တိုက်ခိုက်ခဲ့ရာကနေ ယနေ့အထိ တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံ မပေါင်းစည်းနိုင်ကြသေးတာ တွေ့နေရတယ်။

ယခုဒီသမိုင်းကိုဖော်ပြနေတာဟာ   အကြောင်းရှိပါတယ်။  မြန်မာတွေ  လွတ်လပ်ရေးရခဲ့တာဟာ  ၁၉၄၈ ခုနှစ်၊  ဇန်နဝါရီလ ၄ ရက်နေ့ပါ။  ဗီယက်နမ်တွေ  လွတ်လွတ်ကျွတ်ကျွတ်လွတ်လပ်စွာ  ဗီယက်နမ်နိုင်ငံကို  ကိုယ့်ဘာသာကိုယ်ဖန်တီးခွင့်ရတာ ၁၉၇၆  ခုနှစ်ပါ။ မြန်မာလွတ်လပ်ရေးရတာဟာ  နှစ်ပေါင်း  ၂၇  နှစ်ကျော်  စောနေပါတယ်။

ဆက်လက်ဖော်ပြပါမည်။